လော်တာရိုမာတီနက်ဇ်က ၂၀၂၄ ဘော်လွန်းဒီအော်ဆုအတွက် မက်ဆီရဲ့အားပေးထောက်ခံချက်ရခဲ့တာကြောင့် ဂုဏ်ယူနေပြီး အင်တာမီလန်အသင်းခေါင်းဆောင်အဖြစ် ချန်ပီယံလိဂ်ဆုဖလား ကိုင်မြောက်နိုင်ဖို့ ရည်မှန်းထားကြောင်း ပြောခဲ့ပါတယ်။
မာတီနက်ဇ်ဟာ ၂၀၂၄ ဘော်လွန်းဒီအော်ဆုပေးပွဲမှာ အဆင့်၇နေရာရခဲ့ပေမယ့် အဆိုပါအောင်မြင်မှုအပေါ် လုံးဝပျော်ရွှင်ကျေနပ်နေတာမျိုး မရှိဘူးလို့ ပြောခဲ့ပါတယ်။ လက်ရွေးစင်အသင်းဖော် မက်ဆီက မာတီနက်ဇ်ဟာ အင်တာနဲ့ စီးရီးအေဖလား၊ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဖလားတွေ ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲနှစ်ရပ်လုံးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မာတီနက်ဇ်က “မက်ဆီလိုမျိုး အကောင်းဆုံး ကစားသမားတစ်ယောက်က ကျွန်တော့်အတွက် ထောက်ခံပေးခဲ့လို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဆန်ခါတင်ထဲပါရတာ ပျော်ရွှင်နေပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကျွန်တော် လူတစ်ယောက်အနေဲ့ ဘောလုံးသမားတစ်ယောက်အနေနဲ့ပါ အများကြီး တိုးတက်လာခဲ့ပါပြီ။
ကျွန်တော် အီတလီကို ရောက်စတုန်းက အသက်အရွယ်သာ ရှိသေးပြီး လွန်ခဲ့တဲ့ ၆နှစ်အတွင်း ကလေးတစ်ယောက်ရှိတဲ့ ဖခင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်ကို ကစားသမားဘဝမှာ တိုးတက်လာစေတဲ့အချက်ဖြစ်ပြီး အင်တာ အသင်းခေါင်းဆောင်ဖြစ်လာလို့လည်း ဂုဏ်ယူရပါတယ်။
ဆုဖလားတွေက ဘယ်တော့မှ မလုံလောက်တဲ့အရာဖြစ်ကြောင်း ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ကျွန်တော် ဆုဖလားတွေအတွက် နေရာလွတ်တစ်ခု အမြဲရှာဖွေနိုင်ပါတယ်။ ကျွန်တော် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားတွေ ဆွတ်ခူးနိုင်လောက်တဲ့အထိ ကံကောင်းလာပြီဖြစ်ပေမယ့် ရည်မှန်းချက်တစ်ခုကတော့ အင်တာအသင်းခေါင်းဆောင်အဖြစ် ချန်ပီယံလိဂ်ကိုင်မြောက်နိုင်ဖို့ဆိုတာ သေချာပါတယ်။”လို့ ပြောခဲ့ပါတယ်။