ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို မကြာသေးမီက ပွဲစဉ်အချို့မှာ ပွဲထွက်စားသမားအဖြစ် အသုံးမပြုဘဲ အရန်ကစားသမားအဖြစ်သာ အသုံးပြုနေခြင်းမှာ နည်းဗျူဟာအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်မှ ချဲလ်ဆီးသို့ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမားဟာ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့် မကြာသေးမီက ပါနာသီနိုင်ကို့စ်၊ နယူးကာဆယ်တို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး လူစားလဲဝင်ရောက်ခွင့်လည်း မရခဲ့ပါဘူး။ ယခုအခါမှာတော့ မာရက်စ်ကာက အင်္ဂလန်သားကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခြင်းမှာ နည်းဗျူဟာအရသာ ဖြစ်တယ်လို့ဆိုပါတယ်။
အီတလီသားက “အသင်းကိုစရောက်လာကတည်းက ဂျေဒန်က ခြေစွမ်းကောင်းပြသထားနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ဘယ်ကစားသမားကမှ တသမတ်တည်းဖြစ်တဲ့ ခြေစွမ်းကို ရာသီတစ်လျှောက်လုံးထိန်းသိမ်းထားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကစားရတဲ့ပွဲတွေက အများကြီးပါ။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ သူကစားခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် အခြားအကြောင်းပြချက်မရှိပါဘူး။ နည်းဗျူဟာကြောင့်ပါပဲ။ ကျွန်တော်တို့မှာ ကစားရမယ့်ပွဲတွေအများကြီးကျန်နေသေးလို့ သူ့အတွက်လည်း ပွဲတွေအများကြီးရှိပါသေးတယ်။ သူလုပ်ရမှာက အလုပ်ကြိုးစားပြီ ကျွန်တော်တို့ပေးတဲ့အခွင့်အရေးကို အမိအရယူဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလရဲ့နောက်ဆုံးနေ့ရက်မှာ ယူနိုက်တက်မှ ချဲလ်ဆီးသို့ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ စာချုပ်ပါသဘောတူချက်အရ ချဲလ်ဆီးဟာ ရာသီကုန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ ရဲ့အထက်မှာရပ်တည်နိုင်ခဲ့မယ်ဆိုရင် ကစားသမားကို အပြီးသတ်ခေါ်ယူခွင့်ရသွားမယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရပ်တည်နေပြီး မာရက်စ်ကာရဲ့လက်အောက် စုစုပေါင်းကစားထားတဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ရှုံးပွဲ ၃ ပွဲသာကြုံတွေ့ထားရပါတယ်။ လာမယ့် ကြာသပတေးနေ့မနက်မှာတော့ စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်မှာ ၂-၁ နဲ့အနိုင်ရရှိထားခဲ့တဲ့ နယူးကာဆယ်နဲ့ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဆန်ချိုကတော့ မိခင်ကလပ်ဖြစ်နေတာကြောင့် ပါဝင်ခွင့်ရသွားမှာမဟုတ်ပါဘူး။