လီဗာပူးနည်းပြအန်းစလော့က လိုက်ပ်ဇစ်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးရယူခြင်းဖြင့် ပွဲထွက်ခွင့်ရရှိချိန် အကောင်းဆုံးကစားပေးရန် ဒါဝင်နူနက်ဇ်ကို တိုက်တွန်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
ဒတ်ချ်လူမျိုးနည်းပြရဲ့တောင်းဆိုလာမှုကို ဥရုဂွေးသားကလည်း လေးလေးစားစားတုံ့ပြန်ပြခဲ့ပြီး အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ်အသင်းကို ရာနှုန်းပြည့်နိုင်ပွဲဆက်နေစေဖို့ အခုပွဲစဉ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ Red Bull ကွင်းကြီးမှာ ကစားရတဲ့ပွဲစဉ်အတွင်း ဒါဝင်နူနက်ဇ်က ဒဏ်ရာရနေတဲ့ ဂျိုတာအစား ပွဲထွက်ခွင့်ရရှိခဲ့ပြီး အခုရာသီ၊ သူ့ရဲ့ဒုတိယမြောက်ဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။
ဘီလ်ရှန်ကလေနောက်ပိုင်း ဥရောပအဆင့်ပွဲဦးထွက်ပွဲစဉ်သုံးခုကို အနိုင်ရရှိသော ပထမဆုံးလီဗာပူးနည်းပြဖြစ်လာတဲ့ အန်းစလော့က ဒါဝင်နူနက်ဇ်ကို ဂျာမန်သားတွေနဲ့ရင်ဆိုင်ရချိန်မှာ ပွဲထွက်ခွင့်ပေးလာမှုအပေါ် သွင်းဂိုးတစ်ဂိုးနဲ့အတူ ပြန်လည်ပေးဆပ်သွားဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အန်းစလော့က “ဂိုးတစ်ဂိုးသွင်းယူပေးဖို့ ဒါဝင်နူနက်ဇ်ဆီ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ သူကလည်း ကျွန်တော်တို့အတွက် သွင်းဂိုးရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီသွင်းဂိုးအတွက် ကစားကွက်တည်ဆောက်ချိန်မှာ ဂတ်ပိုရဲ့အခန်းကဏ္ဍ အရေးပါခဲ့သလို မိုဆာလက်ကလည်း ဂိုးဖန်တီးမှုတစ်ကြိမ် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီသွင်းဂိုးက အသင်းလိုက်သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်။ ဒီနေ့မှာ အရမ်းကောင်းတဲ့အလုပ်တစ်ခုလုပ်ဆောင်ခဲ့တဲ့ ဒါဝင်နူနက်ဇ်ကို မြင်တွေ့ရလို့ ကျေနပ်စရာကောင်းပါတယ်”လို့ ပြောပါတယ်။
ဒါဝင်နူနက်ဇ်ရဲ့ ဗုဒ္ဓဟူးညပိုင်းပွဲစဉ်သွင်းဂိုးက ဆီမီကတ်စ်ရဲ့ဖြတ်တင်ဘောကို မိုဆာလက်ရဲ့ခေါင်းတိုက်အဆုံးသတ်မှုမှတဆင့် ထွက်ပေါ်လာတဲ့ အခွင့်အရေးကို အနီးကပ်ပိတ်သွင်းကာ ပေါ်ပေါက်လာခဲ့တာပါ။ မည်သို့ပင်ဆိုစေကာမူ ဒီသွင်းဂိုးကြောင့်ပဲ အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဥရုဂွေးသားရဲ့ယုံကြည်မှုတွေ သေချာပေါက် တိုးတက်လာပါလိမ့်မယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ချဲလ်ဆီးကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ နံရိုးဒဏ်ရာရရှိသွားတဲ့ ဂျိုတာက ကာလတစ်ခုလောက်တော့ အနားယူသွားရနိုင်ပါတယ်။ ဒါကြောင့် ဂန်းနားတွေနဲ့ပွဲစဉ်အပြင် ပွဲကျပ်တွေရင်ဆိုင်ရတော့မယ့် အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဒါဝင်နူနက်ဇ်ကို ဆက်လက်မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။
အန်းစလော့က “ပထမဆုံးအနေနဲ့ အခုလိုနိုင်ပွဲရရှိလို့ ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က အရမ်းခက်ခဲလွန်းတဲ့အဝေးကွင်းပွဲစဉ်တစ်ခုကို ကစားခဲ့ရတာပါ။ ပွဲချိန်နှောင်းပိုင်းမှာ ပွဲအတွင်းကဏ္ဍအများစုကို ကျွန်တော်တို့တွေ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ ဗန်ဒိုက်၊ ကိုနာတေးနဲ့ ကလယ်ဟာတို့ကို လိုအပ်ခဲ့ပါတယ်။ သရေသာကျခဲ့မယ်ဆိုရင်တော့ ကျွန်တော့်အတွက် တစုံတခုဆုံးရှုံးသွားရသလိုမျိုး ခံစားမိနေရမှာပါ”လို့ ဆက်ပြောပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးက အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်တဲ့ ကလပ်အသင်းနှစ်ခုအနက် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အက်စတွန်ဗီလာရဲ့နောက်၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။