အသက်(၃၃)နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့တုန်းက အင်တာမီလန်နဲ့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့အပြီးမှာတော့ မကြာမီမှာ ပြန်လာနိုင်တော့မှာ ဖြစ်တယ်လို့ နည်းပြဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးတို့ဟာ ဒီတပတ်အင်္ဂါနေ့မှာတော့ ခါရာဘောင်းဖလား တတိယအချီပွဲစဉ်အဖြစ် ဝက်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး စနေ၊တနင်္ဂနွေမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းထံ သွားရောက်ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကို နှစ်ဘက်၂ဂိုးစီရလဒ်နဲ့ သရေကျခဲ့ပြီးနောက်မှာတော့ “ကျွန်တော့် အထင်တော့ သိပ်မကြာလောက်ဘူး ထင်တယ်။ ဘယ်လောက်ကြာမယ်လို့တော့ ကျွန်တော် မပြောနိုင်ဘူး။ နယူးကာဆယ်နဲ့ ပွဲအတွက် ပါလာနိုင်မလားလည်း ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သိပ်တော့ ကြာမှာ မဟုတ်ဘူး။ သူ့ခြေထောက်မှာ မသက်မသာဖြစ်နေယုံတင်ပါ” လို့ ဂွါဒီယိုလာက ဒီဘရိုင်းပြန်လာနိုင်မဲ့ အချိန်နဲ့ပတ်သတ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပေါင်ကြွက်သားဒဏ်ရာကြောင့် လေးလခန့် အနားယူခဲ့ရပေမဲ့ စစချင်းပြန်လည်ပါဝင် ကစားခဲ့တဲ့ နယူးကာဆယ်ကို ၂ဂိုး-၃ဂိုးနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကြီးတွင် အနိုင်ရယူခဲ့တဲ့ပွဲမှာ သွင်းဂိုး၁ဂိုးသွင်းယူကာ အမှတ်ရဖွယ် တကျော့ပြန်လာနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲ ကစားထားပြီးချိန်မှာတော့ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လျှက်ရှိပါတယ်။