မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းရက်ဖ်ရန်းနစ်ကလက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဟာမန်စီးတီးကြယ်ပွင့် အာလင်းဟာလန်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနော်ဝေသားဟာရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေထက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ရှိတယ်လို့ နှိုင်းယှဉ်လာခဲ့ပါတယ်။
လက်ရှိ ၂၀၂၄-၂၅ ရာသီအစမှာမန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားပြီး ၇ ဂိုးအထိသွင်းယူထားနိုင်တဲ့ ဟာလန်းဟာသူ့ရဲ့ကြောက်ခမန်းလိလိဂိုးသွင်းစွမ်းရည်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်းသက်သေပြထားခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်းတိုက်စစ်မှူးဟာမန်စီးတီးအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲကစားပြီး ၃၈ ဂိုးအထိသွင်းယူခဲ့ကာဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်းပြသခဲ့ပါတယ်။
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်းဟာလန်းဂိုးမသွင်းစေနိုင်ဖို့ သေနတ်နဲ့တောင် တားဆီးလို့မရဘူးလို့ ချီးကျူးထားတာဖြစ်ပါတယ်။ သို့သော် တစ်ဖက်မှာပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ အမ်ဘာပေကတော့ လာလီဂါမှာလည်းရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိသေးပါဘူး။
နော်ဝေသားနဲ့ရင်ဆိုင်သွားရမယ့် နေရှင်းလိဂ်ပွဲစဉ်မတိုင်မီမှာရန်းနစ်က “လွန်ခဲ့တဲ့ လအနည်းငယ်မှာတော့ ကျွန်တော့်အနေနဲ့ ဟာလန်းနဲ့ အမ်ဘာပေတို့နှစ်ယောက်စလုံးကကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေပါလို့ ပြောပါလိမ့်မယ်။ဒါပေမယ့်အခုချိန်မှာတော့ ဟာလန်းကအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ အမ်ဘာပေကသူ့ရဲ့ထိပ်တန်းခြေစွမ်းကိုတသမတ်တည်းမထိန်းသိမ်းနိုင်လို့ပါ။ ဟာလန်းမှာကအားနည်းချက်အရမ်းနည်းပါတယ်။ လူကောင်းကြီးတယ်၊ လျင်မြန်တယ်၊ သွက်လက်ပြီးမယုံနိုင်လောက်အောင်လည်းခုန်နိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိဘော်လွန်းဒီအော်ဆန်ခါတင်စာရင်းထဲမှာတော့ ဟာလန်းနဲ့ အမ်ဘာပေတို့ ရွေးချယ်ခံထားရပါတယ်။ နိုင်ငံတာပွဲစဉ်တွေအပြီးမှာကစားသမား ၂ ယောက်စလုံးဟာသက်ဆိုင်ရာကလပ်တွေထံပြန်သွားပြီးဂိုးတွေဆက်လက်သွင်းယူနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။