ဘူကာယိုဆာကာက ဒီကလန်ရိုက်စ် အငြင်းပွားဖွယ် ထုတ်ပယ်ခံရပြီးနောက် ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ တသမတ်တည်းချမှတ်ဖို့ တောင်းဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပထမပိုင်းအတွင် ကိုင်ဟားဗက်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ဒီကလန်ရိုက်စ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပွဲအခြေအနေပြောင်းလဲသွားခဲ့ကာ ဘရိုက်တန်ကလည်း ချေပဂိုးပြန်သွင်းသွားခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ဘရိုက်တန်အသင်းဘက်က ပြစ်ဒဏ်ဘောကန်ခံရခဲ့ရာမှာ ရိုက်စ်က ဘောလုံးကိုကန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် ခရစ္စကာဗာနာက အင်္ဂလန်သားကို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဆာကာက ပထမပိုင်းအတွင်း အာဆင်နယ်အသင်း လက်ပစ်ဘောရချိန် ပက်ဒရိုက ဘောလုံးကို အဝေးသို့ကန်ထုတ်ခဲ့ခြင်းနဲ့ နှိုင်းယှဉ်ကာ ကွင်းလယ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို ထောက်ပြသွားခဲ့ပါတယ်။
ဆာကာက “ဒီဆုံးဖြတ်ချက်က အတော်လေးပြင်းထန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က တသမတ်တည်းဖြစ်ပေးဖို့ကိုပဲ တောင်းဆိုတာပါ။ ပထမပိုင်းအတွင်း ပက်ဒရိုက လက်ပစ်ဘောကို အဝေးကန်ထုတ်ခဲ့ပေမယ့် ဘာပြစ်ဒဏ်မှချမှတ်ခံရခြင်းမရှိပါဘူး။
ရိုက်စ်ကျတော့ ဘောလုံးကိုဖြည်းဖြည်းလေးထိလိုက်တာနဲ့ အထုတ်ခံလိုက်ရပါတယ်။ ကျွန်တော်တို့မှာ အနိုင်ရဖို့ အခွင့်အရေးတွေလည်းရခဲ့တာကြောင့် တစ်ပွဲလုံးရဲ့ရလဒ်ကို ဒိုင်အပေါ် အပြစ်ပုံချလိုခြင်းမရှိပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပေမယ့် စိတ်ပျက်စရာနဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ရာသီသိမ်းဖို့က အဝေးကြီးလိုပါသေးတယ်။”လို့ ပြောခဲ့ပါတယ်။
ယခုအနီကတ်ပြစ်ဒဏ်ကြောင့် ရိုက်စ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ကစားရမယ့် တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။