ဘရိုက်တန်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကွင်းလယ်လူ မေဆင်မောင့်တစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။
အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ မေဆင်မောင့်ဟာ အဆိုပါတံကောက်ကြောဒဏ်ရာကြောင့် ၅ ပတ်လောက်နားရနိုင်တယ်လို့ ဆိုပါတယ်။
အင်္ဂလန်သားဟာ ချဲလ်ဆီးကနေ ပြောင်းလာပြီးနောက် ရုန်းကန်နေရဆဲဖြစ်ပြီး ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပရီးမီးယားလိဂ် ၁၄ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့သလို အခုလည်း ၂ ပွဲသာ ပါဝင်ခွင့်ရပြီးနောက် ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။
အင်စတာဂရမ်ကနေ ရေးသားရာမှာ “ပြီးခဲ့တဲ့ပွဲအတွင်း ကျွန်တော် ကြွက်သားအသေးစားဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော် စစ်ဆေးမှုပြုလုပ်ပြီးပါပြီ။ ကြည့်ရတာ ပွဲအနည်းငယ်လောက် လွဲချော်မှာပါ။
ရာသီကြိုတုန်းက ကျွန်တော် ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်ခဲ့သလို အဆင်ပြေခဲ့တယ်လို့လည်း ထင်ပါတယ်။ ကျွန်တော် ဒီသတင်းကြားရချိန်မှာ ဘယ်လောက်စိတ်ပျက်မိလဲဆိုတာ မပြောနိုင်တော့ပါဘူး။
ကျွန်တော် အသန်မာဆုံးပြန်လာပြီး အသင်းကို အကောင်းဆုံးကူညီပေးနိုင်ဖို့ အရာအားလုံးလုပ်ဆောင်မှာပါ”လို့ ရေးသားတင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အခုအပတ်မှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး မေဆင်မောင့်ကတော့ စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်အပြီးမှ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။