ရီးရဲလ်မက်ဒရစ်စတား အမ်ဘာပေရဲ့တွစ်တာအကောင့် အဟက်ခံခဲ့ရပြီးနောက် သူ့ရဲ့အကောင့်ကနေ ယူနိုက်တက် နဲ့ ရော်နယ်ဒိုကို ချီးကျူးစကားဆိုခဲ့တာဖြစ်ပါတယ်။
တွစ်တာပို့စ်ကနေ မက်ဆီကို သရော်ခဲ့ပြီး ရော်နယ်ဒိုကသာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တယ်လို့ ဆိုခဲ့သလို ပီအက်စ်ဂျီကိုပြန်လာဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။
အဆိုပါပို့စ်ကို ဖျက်ခဲ့ပေမယ့် ဘာပေအကောင့်ကနေတင်ခဲ့တာကြောင့် ပြဿနာတွေတော့ တက်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်သားဟာ အခုနွေရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီကနေ ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဘာပေတစ်ယောက် ခြေစွမ်းမပြနိုင်သေးပေမယ့် အန်ဆယ်လော့တီကတော့ ပြင်သစ်သားကို ထောက်ခံခဲ့တာဖြစ်ပါတယ်။
ဘာပေရဲ့လူမှုမီဒီယာအကောင့်ဟက်ခံရတာက ပထမဆုံးအကြိမ်မဟုတ်ပဲ ၂၀၁၉ တုန်းက ပီအက်စ်ဂျီမှာရှိနေချိန်မှာလည်း အဟက်ခံခဲ့ရသေးတာဖြစ်ပါတယ်။
လူမှုမီဒီယာပြဿနာတွေရဲ့အပြင်မှာတော့ ဘာပေဟာ လာမယ့်ကြာသပတေးနေ့မှာကန်မယ့် လက်စ်ပါးမက်စ်နဲ့ပွဲမှာ ရီးရဲလ်အတွက် ပါဝင်လာမှာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ ရမှတ် ၄ မှတ်ရရှိထားပြီး လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။