ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မီခေးလ်မာရီနိုကိုခေါ်ယူဖို့ ကာလရှည်ချိတ်ဆက်နေတဲ့ အာဆင်နယ်ဟာ ယခုအခါမှာတော့ ကစားသမားကိုခေါ်ယူနိုင်ဖို့ အလွန်နီးစပ်လာပြီလို့သိရပါတယ်။
အာဆင်နယ်ဟာ မာရီနိုကိုခေါ်ယူနိုင်ဖို့ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ဆွေးနွေးနေခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှာတော့ ဆွေးနွေးမှုတွေက အနည်းငယ်အေးခဲသွားခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်လာခဲ့တယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
ဒါ့အပြင် ဆိုစီဒက်ဥက္ကကလည်း လန်ဒန်သို့သွားရောက်ပြီး ကစားသမားရဲ့အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေကဖော်ပြထားတာကြောင့် ဆွေးနွေးမှုတွေက အားကောင်းလာပုံပေါ်ပါတယ်။ ဆိုစီဒက်အနေနဲ့ ပြီးခဲ့တဲ့အပတ်က လာလီဂါအဖွင့်ပွဲစဉ်မှာလည်း မာရီနိုကို ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် စပိန်ကြယ်ပွင့်ဟာ အသင်းကနေထွက်ခွာဖို့ သေချာတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။
ဆိုစီဒက်ဘက်က ကစားသမားကို အသင်းကနေ သင့်တော်တဲ့ဈေးနှုန်းနဲ့ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားထားသလို ကစားသမားကလည်း စပိန်မြေကိုစွန့်ခွာပြီး ပရီးမီးယားလိဂ်မှာသွားရောက်ကစားဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် အာတီတာရဲ့အသင်းဟာ ကွင်းလယ်ကြယ်ပွင့်ကို မကြာမီမှာပဲ ခေါ်ယူနိုင်တော့မှာဖြစ်သလို မာရီနိုအနေနဲ့လည်း သူ့ရဲ့ကစားသမားဘဝ နောက်ထပ်အခန်းကဏ္ဍတစ်ခုကို စတင်ဖို့ပြင်ဆင်သွားရတော့မှာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။