မန်ချက်စတာယူနိုက်ဂိုးသမား အန်ဒရေအိုနာနာဟာ လက်ရှိနေထိုင်နေတဲ့ ကစားသမားဟောင်း အလက်ဆစ်ဆန်းချက်ဇ်ရဲ့နေအိမ်ကနေ ထွက်ခွာပြီး ပေါလ်ပေါ့ဂ်ဘာရဲ့နေအိမ်အဟောင်းသို့ပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။
အိုနာနာဟာ ယူနိုက်တက်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုထားတာကြောင့် မန်ချက်စတာမြို့မှာ အိမ်တစ်လုံးဝယ်ယူပြီး နေထိုင်နိုင်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ယူနိုက်တက်နဲ့ချိတ်ဆက်ခဲ့တဲ့ အိုနာနာဟာ အသင်းသို့စတင်ရောက်ရှိတဲ့အချိန်အတွင်း ကစားသမားဟောင်း ဆန်းချက်ဇ်ရဲ့နေအိမ်ဟောင်းမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ အိုနာနာနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ သားသမီး ၄ ယောက်နဲ့အတူတူ နေထိုင်ဖို့အတွက် မန်ချက်စတာမြို့အတွင်း အဆင့်မြင့်ရပ်ကွက်တစ်ခုမှ နေအိမ်တစ်လုံးကို ဝယ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ အိမ်အသစ်ကိုရှာဖွေရာမှာတော့ အိုနာနာဟာ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ပေါ့ဂ်ဘာနေထိုင်ခဲ့တဲ့ နေအိမ်အပါအဝင် အခြားအိမ်တွေကိုလည်းထည့်သွင်းစဉ်းစားနေတယ်လို့သိရပါတယ်။ သတင်းတွေက ပေါ့ဂ်ဘာရဲ့အိမ်ဟာ အိုနာနာရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိခဲ့တာကြောင့် ဂိုးသမားဟာ အခြားအိမ်တွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။
အေဂျက်စ်မှာ လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်နဲ့ပြန်လည်ပေါင်းစည်းတဲ့ပထမဆုံးရာသီမှာ အိုနာနာဟာ လက်စွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်နဲ့ အသားကျဖို့လည်း အတော်လေးခက်ခဲခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ကင်မရွန်းလက်ရွေးစင်ကစားသမားဟာ ပုံမှန်လက်စွမ်းပြန်ရခဲ့ပြီး တည်ငြိမ်မှုနဲ့ ခေါင်းဆောင်မှုအရည်အသွေးများကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဖူလ်ဟမ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အတွက် Clean Sheet ရယူပေးနိုင်ခဲ့တဲ့ အိုနာနာအနေနဲ့ လာမယ့် စနေနေ့ ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် အဝေးကွင်းပွဲစဉ်မှာလည်း တူညီတဲ့ စွမ်းဆောင်ရည်မျိုးကို ဆက်လက်ပြသနိုင်ဖို့ ကြိုးစားသွာရမှာဖြစ်ပါတယ်။