အာဆင်နယ်အသင်းကတော့ ဒီနွေမှာ အသင်းကနေ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ် ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် လာလီဂါ တန်းတက်ကလပ် အက်စပန်ညိုအသင်းရဲ့ စပိန် ဂိုးသမား ယိုဟန် ဂါဆီယာကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်းစ်ဒေးလ်ဟာ ဒေးဗစ် ရာယာ အာဆင်နယ်ဆီ ရောက်ရှိလာခဲ့တဲ့ မနှစ်က ဘောလုံးရာသီမှာပဲ သူရဲ့ ပွဲကစားခွင့်တွေက သိသိသာသာ လျော့နည်းလာခဲ့ရတာဖြစ်လို့ ပြီးခဲ့တဲ့ရာသီ ဆောင်းဈေးကွက်မှာကတည်းက အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး အခုလည်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေရပါတယ်။
အာဆင်နယ်ကလည်း ရာယာကို ဘရန့်ဖို့ဒ်ကနေ အပြီးသတ်ပါ ခေါ်ယူလိုက်ချိန်မှာ ရမ်းစ်ဒေးလ်ရဲ့ အာဆင်နယ် ကစားသမားဘဝ အနာဂတ်က အတော်လေး မှေးမှိန်လာခဲ့သလို သူ့ကိုလည်း ကလပ်အသင်း အမြောက်အများကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် အာဆင်နယ်ကတော့ ရမ်းစ်ဒေးလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)လောက်အထိကို အလိုရှိနေပါတယ်။
အာဆင်နယ် သတ်မှတ်ထားတဲ့ တန်ကြေးအရ ရမ်းစ်ဒေးလ်ကို ရောင်းထုတ်နိုင်ဖို့ ခက်ခဲပေမယ့် အာဆင်နယ်သာ ဈေးလျှော့လိုက်မယ်ဆိုရင် ရမ်းစ်ဒေးလ်ဟာ ကလပ်အသင်းသစ် တစ်သင်းသင်းဆီ ရောက်သွားနိုင်ဖွယ် ရှိနေပါတယ်။ တကယ်လို့ အာဆင်နယ်က ရမ်းစ်ဒေးလ်ကို အသင်းကနေ ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့ သူ့နေရာမှာ အစားထိုးဖို့အတွက်ပါ ဂိုးသမားတစ်ဦးကို တွေ့ရှိထားပြီးပြီပဲ ဖြစ်ပါတယ်။
အာဆင်နယ် စိတ်ဝင်စားနေတဲ့ ဂိုးသမားကတော့ ဒီရာသီမှ စပိန် လာလီဂါပြိုင်ပွဲဆီ ပြန်လည် တန်းတက်လာခဲ့တဲ့ ကတ်တလန် အခြေစိုက်ကလပ် အက်စပန်ညိုက ဂိုးသမား ဂါဆီယာ ဖြစ်ပါတယ်။ အသက် (၂၃)နှစ်သာ ရှိနေသေးတဲ့ အက်စပန်ညို ငယ်မွေးခြံပေါက် ဂိုးသမား ဂါဆီယာဟာ အရပ် (၆)ပေ (၃)လက်မအထိ မြင့်မားသူဖြစ်ပြီး မနှစ်ကလည်း အက်စပန်ညိုအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲ ပါဝင်ခဲ့ရင်း (၁၂)ပွဲအထိ Clean Sheets ရရှိခဲ့ပါသေးတယ်။
လတ်တလောမှာတော့ အာဆင်နယ်က ဂိုးသမားလေး ဂါဆီယာကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်ပေမယ့်လည်း ရမ်းစ်ဒေးလ် အသင်းကနေ ထွက်ခွာမှသာ ဂါဆီယာအတွက် တရားဝင် ကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။