လေးကြိမ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်နိုင်ရေး ရည်မှန်းနေတဲ့ မန်စီးတီးအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်အတွက် ဂျက်ဂရီးလစ်ရှ်မှာ ဒဏ်ရာပြဿနာသံသယတစ်ခု ရှိနေတယ်လို့ ပက်ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ ဂျက်ဂရီးလစ်ရှ်ဒဏ်ရာ ရရှိပြီးနောက် ကြိုတင်ပြင်ဆင်မှုအဖြစ် ယူနိုက်တက်နဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ သူ့ကို ချန်လှပ်ထားခဲ့ရပါတယ်။ ဒါပေမယ့် အခုလိုအသေးအမွှားပြဿနာ ပိုမိုဆိုးရွားလာမလားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ ဂျက်ဂရီးလစ်ရှ်ကို ချန်လှပ်ထားမှုက လာမယ့်တနင်္ဂနွေနေ့၊ စတမ်းဖို့ဘရစ်ချ်မှာ အန်ဇိုမာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့်အချိန်အထိ ဆက်ရှိသွားနိုင်ပါတယ်။
ပက်ဂွါဒီယိုလာက “နှစ်ရက်လောက် အဆင်မပြေဖြစ်နေပေမယ့် အထူးသဖြင့် သောကြာနေ့မှာတော့ ဂရီးလစ်ရှ်ရဲ့ခံစားချက်တွေက မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်က ဒါကို ပြဿနာကြီးတစ်ခုလို့ မယူဆမိပေမယ့် စွန့်စားမှုတစ်ခု မလုပ်ချင်ခဲ့ပါဘူး။ ဒီဒဏ်ရာပြဿနာသံသယက ထိုးနှက်ချက်တစ်ခုပါ။ ဂရီးလစ်ရှ်က အသင်းနဲ့အတူ အံဝင်လာသလို ပြင်းပြင်းထန်ထန်ကစားနိုင်နေပါပြီ။ ချဲလ်ဆီးနဲ့ပွဲစဉ်အတွက် သူ အဆင်သင့်ရှိနေမလား ဒါမှမဟုတ် အစ်ဆွစ်ချ်နဲ့ပွဲစဉ်ကိုတော့ သေချာပေါက် ဂရီးလစ်ရှ်ပြန်လာနိုင်ပါလိမ့်မယ်။ အခုလိုအခြေအနေမျိုးမှာသာ ဒဏ်ရာရရှိလာမယ်ဆိုရင် သုံးပတ် သို့မဟုတ် တစ်လလောက်အထိ အနားယူသွားရနိုင်ပါတယ်”လို့ ပြောပါတယ်။
ဂရီးလစ်ရှ်သာ အနားယူရမယ်ဆိုရင် သူ့ရဲ့နေရာမှာ ဒိုကူနဲ့ ပေါင် ၃၃ သန်းတန် ဆာဗင်ဟိုတို့ အသင့်ရှိနေပါတယ်။ ဆာဗင်ဟိုကလည်း မန်စီးတီးကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ဝင်ဘာလေကွင်းပွဲစဉ်မှာ အရန်ခုံမှတဆင့် လူစားဝင်ပြီး အထင်ကြီးလောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ဆာဗင်ဟိုက ကျွန်တော့်တို့အပေါ် အပြည့်အဝနားလည်ပေးနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီ၊ ဂျီရိုနာအတွက် သူ အများကြီးလုပ်ဆောင်ပေးခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူက လိုင်းတွေကိုဖြတ်ပြီး ဖြတ်တင်ဘောတွေ ပေးပို့နိုင်သလို တိုက်စစ်မှူးတစ်ဦးလိုမျိုး ဂိုးတွေအများကြီးသွင်းယူပေးခဲ့ပါတယ်။ သူက တိုက်စစ်ခံစစ်ကူးပြောင်းချိန်မျိုးမှာ အရမ်းလျှင်မြန်တဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောပါတယ်။