လာမယ့်ရာသီ ကလပ်ရဲ့ ဥရောပပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းထံကစားသမားတွေခေါ်ယူဖို့ စည်းရုံးရန်ခက်ခဲကြောင်း ကွန်တီက ဝန်ခံလိုက်ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ ကိုပါအီတာလီယာမှာ နာပိုလီဟာ စီးရီးဘီကလပ် မိုဒီနာနှင့် ဂိုးမရှိသရေကျခဲ့တာဖြစ်သော်လည်း ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ်ခေါ်ယူမှုမရှိဘူးဆိုရင် ဖြစ်လာနိုင်တာနဲ့ပတ်သက်ပြီး ကွန်တီက သတိပေးပြောကြားခဲ့ပါတယ်။ ရာသီသစ်မတိုင်မီ ကစားသမားသစ်ရောက်ရှိလာဖို့ မျှော်လင့်ချက်ရှိပါသလားလို့ ပွဲအပြီးမှာ သတင်းထောက်တွေက ကွန်တီကို မေးမြန်းခဲ့ပါတယ်။
“ကျွန်တော်လာခဲ့တဲ့ အခြေအနေကို သိပါတယ်။ ဈေးကွက်မှာ ကစားသမားရဲ့လစာနဲ့ ကုန်ကျစရိတ်အတွက် အကန့်အသတ်တွေဆိုတာရှိပါတယ်” “ကစားသမားတော်တော်များများကတော့ အသင်းက ဥရောပဝင်ခွင့်မရတဲ့အတွက် မလာချင်ကြပါဘူး” “နာပိုလီအတွက် အကောင်းဆုံးဖြစ်ချင်ပြီး အသင်းကို တောင့်တင်းအောင်လုပ်ချင်ပါတယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒါကို လိုအပ်ပါတယ်။ အပြောင်းအရွှေ့မပိတ်မီ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဒီနေ့ဆိုတာက လက်တွေ့ဆန်တဲ့ အတိုင်းအတာတစ်ခုပါ” လို့ ကွန်တီက ဖြေကြားထားပါတယ်။
လေ့ကျင့်ရေးကွင်းနဲ့ ဘုတ်အဖွဲ့မှာ အပြီးသတ်ဖို့လုပ်စရာအများကြီး ရှိနေပါသေးတယ်လို့ ဂျူဗင်တပ်စ်နှင့် အင်တာမီလန်နည်းပြဟောင်းက ယုံကြည်နေပါတယ်။ “ကွင်းအတွင်းမှာရော ကလပ်မှာပါ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ အပြီးသတ်ရမယ့် ရည်မှန်းချက်တွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေကို မပြောပြချင်သေးပါဘူး” လို့ ကွန်တီက ပြောထားပါတယ်။