မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းပိုင်ရှင်များအနေဖြင့် သောမတ်စ်တူဟယ်လ်အပါအဝင် အခြားနည်းပြများနှင့် ဆွေးနွေးခဲ့သော်လည်း မိမိကိုဆက်ထားခြင်းသာ အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဲရစ်တန်ဟက်အနေဖြင့် ယခုနွေရာသီတွင် ထုတ်ပယ်ခံရရန် အလွန်နီးစပ်ခဲ့သော်လည်း မန်ယူအသင်း ပူးတွဲရှယ်ယာရှင်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်က ပြီးခဲ့သည့်ရာသီ စွမ်းဆောင်မှုများကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဒတ်ချ်ရုပ်သံ NOS နှင့်တွေ့ဆုံစဉ် တန်ဟက်ဂ် က “သူတို့ တူဟယ်လ်နဲ့ စကားပြောခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော့်ကိုပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဆီမှာ အကောင်းဆုံးမန်နေဂျာကို ပိုင်ဆိုင်ထားပြီးသားဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ Ineos က အချိန်ယူဆုံးဖြတ်ခဲ့တာပါ။ သူတို့က ဘောလုံးလောကကို အသစ်ရောက်လာသူတွေဖြစ်ပြီး ရာသီကို ပြန်လည်သုံးသပ်တာက ပုံမှန်ပါပဲ။ ကိုယ်စားလှယ်လောင်းအများအပြားနဲ့ သူတို့စကား ပြောခဲ့ကြတာက လျှို့ဝှက်ထားစရာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ထို့ပြင် စာချုပ်သစ်ချုပ်ဆိုမည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းက “ကျွန်တော်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စာချုပ်သစ်အတွက် သဘောတူညီမှုတစ်ခုရဖို့ ကျန်နေပါသေးတယ်။ အဲဒါက လွယ်လွယ်နဲ့ပြီးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီအကြောင်းဆွေးနွေးဖို့ ကျန်ပါသေးတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။