ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ရာသီသိမ်းအပြီး ၂ရက် အကြာမှာပဲ စာချုပ် တနှစ် ကျန်နေသေးတဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ ၂ဦး သဘောတူ လမ်းခွဲကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ ရာသီသိမ်း ပုံစံ ကောင်းခဲ့တာကြောင့် ဒီထုတ်ပြန်ချက်က ပရိသတ် တော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ် ။
ချဲလ်ဆီး ကစားသမားတွေဟာလည်း ဒီအပေါ် ရှော့ခ်ရခဲ့ကြကာ ၊ WhatsApp Group ထဲမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ် ။ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂတ်စ်ပိုယက်ကလည်း ထိုသတင်းကို မယုံနိုင် ဖြစ်ခဲ့တာကြောင့် ဖုန်းထုတ်ကြည့်ပြီး မှန်မမှန် စစ်ခဲ့ရကြောင်း Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလို ဖွင့်ဟလာပါတယ် ။
ပိုယက် က ” ကျွန်တော့ရဲ့ ကနဦး တုန့်ပြန်မှုက ကျွန်တော် ဘောလုံး အကြောင်း ဘာမှ မသိတော့ဘူး ဆိုတာပါပဲ ။ ကျွန်တော် မသိပါဘူး ။ ကျွန်တော့ကို ဘယ်အရာကမှ မအံ့သြစေတော့ပါဘူး ။ ပိုချက်တီနိုရဲ့ အကောင်းဆုံး အခိုက်အတန့်တွေဟာ ပြီးခဲ့တဲ့ ၂လ အတွင်း ရှိခဲ့တာပါ ။ ”
” ချဲလ်ဆီးနဲ့ နီးစပ်တဲ့ လူတိုင်း လာမယ့် နွေရာသီကို ကြီးကြီးကျယ်ကျယ် မျှော်မှန်းထားပြီး ၊ နောက်နှစ်ကို အရေးကြီးတဲ့ အရာ တခုခုနဲ့ စတင်နိုင်မယ်လို့ ထင်ခဲ့ကြတာပါ ။ ဒါပေမယ့် ကလပ် အတွင်း ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်တော်တို့ မသိပါဘူး ။ ကျွန်တော် ရှော့ခ်ရခဲ့ပါတယ် ။ ”
” တယောက်ယောက်က ကျွန်တော့ကို ဒီသတင်း လာပြောပြပြီး ၊ ဒါကို ဘယ်လိုမှ မယုံနိုင်ခဲ့ပါဘူး ။ ကျွန်တော် ဖုန်းပေါ်မှာ ဒီသတင်း အကြောင်း ထုတ်စစ်ခဲ့ပါသေးတယ် ။ ဘာလို့လဲဆိုတော့ ဒါကြီးက မဖြစ်နိုင်တဲ့ ပုံစံ ပေါက်ခဲ့လို့ပါ ။ ဒါပေမယ့် ဘောလုံးမှာ အရာရာ ဖြစ်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပိုယက်က ဒီရာသီ အမှတ်ပေးဇယား ထိပ်ဆုံး ၃သင်းမှ မန်စီးတီး ၊ အာဆင်နယ် ၊ လီဗာပူးတို့ရဲ့ အသင်း လည်ပတ်ပုံ စနစ်နဲ့မှ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်မှာ ဖြစ်ပြီး ၊ ချဲလ်ဆီးကတော့ နောက်နည်းပြသစ် ရောက်လာခဲ့ရင်လည်း လူသစ်များစွာနဲ့ ရှေ့ဆက် လည်ပတ်နိုင်ဖို့ ခက်ခဲနေမယ်လို့ အမေရိကန်ပိုင်ရှင်တွေထံ အခုလို မက်ဆေ့ချ် ပေးသွားပါတယ် ။
ပိုယက် က ” ပိုချက်တီနို ချဲလ်ဆီးကို မရောက်ခင်က ချဲလ်ဆီးမှာဆို ခင်ဗျား အောင်မြင်မှု ရကို ရရမယ်လို့ပဲ ကျွန်တော် အမြဲ ယူဆခဲ့တာပါ ။ ပေါ့ချ်ကိုယ်တိုင်က အစပိုင်းမှာ ‘ ကျွန်တော် ချဲလ်ဆီးကို ရောက်နေတာဖြစ်လို့ ကျွန်တော် အောင်မြင်ဖို့ လိုတယ် ‘ လို့ ပြောခဲ့တာ ကျွန်တော် မှတ်မိနေပါသေးတယ် ။ ”
” ဒါပေမယ့် ခင်ဗျားဟာ ပရီးမီးယားလိဂ် ဖလား ရဖို့ ကြိုးစားနေတဲ့ ကစားသမားတွေနဲ့ ကွာခြားတဲ့ အစုအဖွဲ့ တစုကို ရရှိခဲ့ပါတယ် ။ မန်စီးတီး ကစားသမားတွေရဲ့ အသက်အရွယ်ကို ခင်ဗျား ကြည့်မယ်ဆိုရင် သူတို့ဟာ အတူတူ ကစားလာတာ ဘယ်နှနှစ်တောင် ရှိခဲ့ပြီလဲ ? လီဗာပူးကို ကြည့်ရင်လည်း သူတို့ဟာ ဖြည်းဖြည်းချင်း တည်ဆောက်ပြီးမှ ကစားသမားသစ်တွေကို ခေါ်ယူတာပါ ။ ”
” အာဆင်နယ်တောင်မှ ချန်ပီယံဆုကို စိန်ခေါ်နိုင်တာ ၂နှစ်ပဲ ရှိပါသေးတယ် ။ ဒါတောင် သူတို့ဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ လုံလုံလောက်လောက် မကောင်းသေးပါဘူး ။ ခင်ဗျားသာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ဖလား ယူချင်တယ်ဆိုရင် ကျွန်တော်တောင် မသိတဲ့ ဒီလောက်များပြားတဲ့ လူငယ် ကြယ်ပွင့်တွေနဲ့ နိုင်ငံခြားသား ကစားသမားသစ် အရေအတွက်နဲ့က အတော်လေး ခက်ခဲနိုင်ပါတယ် ။ ”
” ကလပ်ရဲ့ အိုင်ဒီယာက ပိုချက်တီနိုနဲ့ ရှေ့ဆက်ဖို့လို့ ကျွန်တော် ထင်ခဲ့တာပါ ။ ကျွန်တော် မှားခဲ့ပါတယ် ။ နောက်ကွယ်က အကြောင်းအရင်းတွေကို ကျွန်တော် မသိပေမယ့် ၊ ဒါက ဒီနေ့ အတွက်တော့ ကြီးမားတဲ့ Surprise တခုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။