လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက မိမိအာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစားနေချိန်တွင် အသင်းဖော်များအနေဖြင့် မိမိ၏ ကွက်လပ်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဆာလာသည် အီဂျစ်အသင်းနှင့်အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်းကစားမည့် လီဗာပူးလ်အသင်း၏ ပွဲစဉ် (၈)ပွဲခန့်ကို လွဲချော်ဖွယ်ရှိကြောင်း သိရှိရသည်။
ဆာလာ (၃၁ နှစ်)သည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၇)ပွဲတွင် (၁၈)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၉) ကြိမ်အထိ ပြုလုပ်ထားရာ ၎င်းအား ဆုံးရှုံးရခြင်းမှာ လီဗာပူးလ်အတွက် ထိုးနှက်ချက်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
သို့သော် ဆာလာက “ကျွန်တော် မရှိလည်း လီဗာပူးလ်ကစားသမားတွေက ပွဲတွေအနိုင်ရအောင် လုပ်နိုင်မှာ သေချာပါတယ်။ ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေများစွာရှိပြီး သူတို့အနေနဲ့ ဖိအားကင်းကင်းနဲ့ ကစားနိုင်ဖို့ပဲ လိုတာပါ။ ပြီးတော့ ကျွန်တော်တို့အသင်းမှာ ကျွန်တော်ကစားတဲ့နေရာမှာ ကစားနိုင်တဲ့ ကစားသမားတွေရှိပြီး သူတို့ဟာ ကျွန်တော်လုပ်သလို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်”ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဆာလာအပြင် ဂျပန်ကွင်းလယ်ကစားသမား အန်ဒိုကိုလည်း အာရှဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းထံ စေလွှတ်ခဲ့ရကြောင်း သိရသည်။