ဇန်နဝါရီ ၁ ရက်က နယူးကာဆယ်အသင်းအား ၄-၂ ဂိုးဖြင့် အနိုင်ရသည့်ပွဲမှာ သည်းထိတ်ရင်ဖိုစရာကောင်းသည့် ပွဲတစ်ပွဲဖြစ်သည်ဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က သုံးသပ်ပြောကြားခဲ့သည်။
ပွဲချိန် ၂၂ မိနစ်တွင် လီဗာပူးလ်အသင်းမှ ဆာလာ ပယ်နယ်တီလွဲချော်မှုကြောင့် ဂိုးမရှိသရေ ကျနေခဲ့ပြီး ဂိုးအားလုံးကို ဒုတိယပိုင်းရောက်မှ သွင်းယူခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း အတွက် ဆာလာက ၄၉ မိနစ်နှင့် ၈၆ မိနစ် (ပယ်နယ်တီ)၊ ကာတစ်ဂျုံးစ်က ၇၄ မိနစ်နှင့် ဂက်ပိုက ၇၈ မိနစ်တွင် သွင်းယူခဲ့ပြီး နယူးကာဆယ်မှ အီဆက်ခ်က ၅၄ မိနစ်နှင့် ဘော့မန်းက ၈၁ မိနစ်တွင် ပြန်သွင်းခဲ့သည်။
“ကျွန်တော့် အသင်းအဖို့ သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ပွဲပါပဲ။ စူပါပွဲတစ်ပွဲပေါ့။ ကျွန်တော်တို့ ပေးခဲ့ရတဲ့ဂိုးတွေအပါအဝင် ဒီပွဲရဲ့လက္ခဏာသွင် ပြင်အားလုံးကို ခုံမင်နှစ်သက်ပါတယ်။ ဘောလုံးဟာ ဒီလိုပါပဲ။ ပွဲက ထူးခြားတာ သေချာပါတယ်။ ဘာကို ဒေါသူပုန်ထရမှာလဲ။ ကျွန်တော်တို့ နယူးကာဆယ်ဘက်ကို နေရာစုံကနေ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်”ဟု ကလော့ပ်က BBC Sport သို့ ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် ဂိုးကန်သွင်းမှု ၃၄ ကြိမ်ရှိခဲ့ကာ စတင်မှတ်တမ်းပြုစုသည့် ၂၀၁၀-၁၁ ရာသီကတည်းက ပရီးမီးယားလိဂ်သမိုင်းကြောင်း တစ်လျှောက် Expected Goals (xG) အများ ဆုံးအဖြစ် ၇ ဒသမ ၂၇ အထိရှိခဲ့ပြီး ယင်းပွဲ တွင် အိမ်ရှင်အသင်းက ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု ၁၅ ကြိမ်ရှိခဲ့မှုလည်း ယခုရာသီတွင် အများဆုံးဖြစ်ခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် အန်ဖီးလ်ကွင်း၌ ၂၂ ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး လိဂ်ပွဲ နောက်ဆုံး ၅၂ ပွဲတွင်လည်း တစ်ပွဲသာ အရေးနိမ့်ခဲ့သည်။ နယူးကာဆယ် အသင်းမှာမူ နောက်ဆုံးကစားထားသည့် ပြိုင်ပွဲစုံ ရှစ်ပွဲတွင် ဖူလ်ဟမ်ကို အနိုင်ရခဲ့သည့် ပွဲမှအပ ခုနစ်ပွဲအထိ အရေးနိမ့်ခဲ့ပြီး နောက်ဆုံးလေးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့သည်။