အာဆင်နယ် အသင်း နည်းပြ အာတီဝာာ ဟာ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်း ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ပြောကြား လာခဲ့ပါတယ် ။ ဒါ့အပြင် အာတီတာ က သူတို့ အသင်းဟာ အချို့နေရာတွေမှာ ကစားသမား အင်အား အတော်လေး နည်းပါး နေကြောင်းလည်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ကစားသမား အတော်များများနဲ့ သတင်း ထွက်ပေါ်နေပြီး အာတီတာ ကတော့ သူတို့ ပစ်မှတ်ထားထားတဲ့ ကစားသမားတွေ ရှိနေပြီး ဖြစ်ကြောင်း ဆိုပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိမှာ ဇူဘီမန်ဒီ ၊ ဟေတို ၊ တိုနေး ၊ အိုဆီမန်း ၊ ဆက်စကို ၊ ဖာဂူဆန် ၊ ဆိုလန်ကီ ၊ ဒေါက်ဂလပ်စ် လူးဝဇ် တို့နဲ့ သတင်းတွေ ထွက်ပေါ် နေတာ ဖြစ်ပါတယ် ။
ဒါပေမဲ့ လည်း အာဆင်နယ် အသင်းဟာ PSR Rule နဲ့ မငြိဖို့ လိုအပ်တာကြောင့် ငွေကြေး အမြောက်အများ သုံးစွဲလို့ မရတဲ့ အနေအထားမှာလည်း ရှိနေပါတယ် ။ အာတီတာ က ဇန်နဝါရီ အပြောင်းအရွှေ့ အစီအစဉ် နဲ့ ပတ်သက်ပြီး ” ကျနော်တို့မှာ ပစ်မှတ်တွေ သတ်သတ်မှတ်မှတ် ရှိသလို ဘာလုပ်မလဲ ဆိုပြီး တွေးထားတာလည်း ရှိပါတယ် ။ ”
” အသင်း ရဲ့ လူစာရင်း က လာမယ့် နှစ်ပတ် အတွင်း ဘယ်လို ဖြစ်လာမလဲ ကျနော်တို့ မသိနိုင်ပါဘူး ။ ဈေးကွက်က တကယ့်ကို ရှုပ်ထွေးပြီး အပြောင်းအလဲတွေကလည်း မြန်ဆန် လွန်းပါတယ် ။ အသင်းရဲ့လူစာရင်းကို တိုးတက်ကောင်းမွန်စေ နိုင်မယ့် ကစားသမားတွေ့ရင် ကျနော်တို့ ခေါ်ယူဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။ ”
” အခု အချိန်မှာ တချို့နေရာတွေက လူအင်အား နည်းပါး နေတာကြောင့် လုပ်ရကိုင်ရတာ ခက်ခဲပါတယ် ။ အရန် ကစားသမား ထည့်စရာ မရှိတဲ့ နေရာတွေလည်း ရှိပါတယ် ၊ ကစားသမားတွေ ပြန်ကစားနိုင်ဖို့လည်း မျှော်လင့် နေပါတယ် ၊ အခြေအနေ နှင့် အချိန်အခါ ကို တစ်ချက် စောင့်ကြည့်ရဦးမှာပေါ့။ ” လို့ ပြောကြား လိုက်ပါတယ် ။