လီဗာပူးလ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ကစားခဲ့သည့်ပွဲအပြီးတွင် လီဗာပူးလ်အသင်း၏အသင်းခေါင်းဆောင် ဗန်ဒိုက်က ယခုပွဲတွင် အသင်းတစ်သင်းတည်းကသာ နိုင်ပွဲအတွက် ကစားခဲ့သည်ဆိုသည့် ဝေဖန်မှုကို ပြုလုပ်ခဲ့ရာ မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားနှင့် ရုပ်သံသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ရွိုင်ကင်းက ဗန်ဒိုက်အား မောက်မာနေသူတစ်ဦးအဖြစ် ဝေဖန်ခဲ့ပြီး ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
လီဗာပူးလ်အသင်းနှင့် မန်ယူအသင်းတို့ ကစားခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းက ပွဲချိန်တစ်လျှောက်လုံးနီးပါး စိတ်ကြိုက်ဖိကစားခဲ့ပြီး စုစုပေါင်း ဂိုးကန်သွင်းခွင့်အရေအတွက် (၃၄) ကြိမ်အထိ ရရှိခဲ့သည်။
သို့ရာတွင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ဂိုးပေါက်ကန်သွင်းခွင့်အများဆုံးဖြင့် နိုင်ပွဲမရသည့်အသင်းများစာရင်းတွင် ထိပ်တန်းနေရာ၌ပင် ရပ်တည်နိုင်ခဲ့သည်။
ယင်းပွဲအပြီးတွင် ဗန်ဒိုက်က ”ကျွန်တော့်အမြင်ကိုပြောရရင် ဒီပွဲမှာတော့ နိုင်ပွဲရဖို့အတွက် ကစားချင်တဲ့အသင်းက တစ်သင်းတည်းသာ ရှိခဲ့ပါတယ်။ ပွဲပြီးအခြေအနေကို ကြည့်လိုက်ရင် ကျွန်တော်တို့အသင်းက ရခဲ့တဲ့တစ်မှတ်အတွက် အရမ်းစိတ်ပျက်နေခဲ့ချိန်မှာ သူတို့အသင်းကတော့ သရေတစ်မှတ်ရခဲ့တဲ့အတွက် အကြီးအကျယ် အောင်ပွဲခံနေခဲ့ပါတယ်”ဟု ဆိုကာ မန်ယူအသင်းကို လှောင်ပြောင်ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် ရွိုင်ကင်းက ဗန်ဒိုက်ကို မောက်မာနေသူတစ်ဦးအဖြစ် ပြန်လည်ဝေဖန်ခဲ့ခြင်းဖြစ်သလို ဗန်ဒိုက်နှင့် လီဗာပူးလ်အသင်းကို အထိနာစေမည့် တိုက်ခိုက်မှုများလည်း ပြန်လည်ပြုလုပ်ခဲ့သည်။
ရွိုင်ကင်းက ”သူ့အနေနဲ့ သူကစားနေတဲ့ ကလပ်အသင်းအကြောင်းကိုလည်း သိဖို့လိုပါတယ်။ သူကစားနေတဲ့အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နှစ် (၃၀) ကျော်သမိုင်းမှာ ချန်ပီယံဆုဖလားကို တစ်ကြိမ်သာရဖူးတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်က ဒီစကားကို ပြောခဲ့တာက တော်တော်လေး မောက်မာလွန်းပါတယ်”ဟု ဆိုခဲ့ခြင်းဖြစ်သည်။