မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ခြေထောက်ဒဏ်ရာရရှိထားသည့် တိုက်စစ်မှူး ဟော်လန်းအနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
နော်ဝေလက်ရွေးစင် ကြယ်ပွင့်တိုက်စစ် မှူး ဟော်လန်းသည် ရာသီအဖွင့် ပရီးမီးယား လိဂ်ပွဲစဉ် ၁၅ ပွဲစလုံး ပွဲထွက်ကစားခွင့်ရထားသော်လည်း တနင်္ဂနွေနေ့က လူတန်အသင်းနှင့်ပွဲကိုမူ ခြေထောက်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်။ ၎င်းအနားယူရမည့်ကာလကို မသိရသေးသော်လည်း ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်နိုင်ရန်မျှော်လင့်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။
“သူ ဘယ်လောက်ကြာကြာ အနားယူရ မလဲဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြန်ကောင်းလာဖို့တော့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူက ခြေချောင်းရိုးတစ်ခုမှာ ဒဏ်ရာရှိနေတာပါ။ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားမှာပါ။ အာလင်းက စရောက်လာတဲ့အချိန်ကတည်းက အရမ်းကို အရေးပါတဲ့သူပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ ဒဏ်ရာ၊ ပွဲပယ်နဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ အဲဒါတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါမယ်” ဟု ၎င်းက ဆိုသည်။
ဟော်လန်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စံချိန်တင် ၃၆ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုရရှိခဲ့သလို ယခုရာသီတွင်လည်း ၁၄ ဂိုးသွင်းယူကာ ဂိုးအများဆုံးအဖြစ် ဦးဆောင်လျက်ရှိသည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက ပွဲထွက်ကစားသမားအဖြစ် ၃၃ ပွဲနှင့် လူစားဝင်အဖြစ် နှစ်ပွဲ၊ ယခုရာသီတွင် ပွဲထွက်ကစားသမားအဖြစ် ၁၅ ပွဲကစား ခွင့်ရထားပြီး နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲသာ လွဲချော်ထားကြောင်း သိရသည်။ ဟော်လန်းအနေဖြင့် ယခုဒဏ်ရာကြောင့် ဇဗက်ဒါအသင်းနှင့် ချန်ပီယံလိဂ်ပွဲ၊ ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တို့ ကို လွဲချော်ဖွယ်ရှိနေသည်။
ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မန်စီးတီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လီယွန် – အူရာဝရက်ပွဲစဉ်မှ အနိုင်ရမည့်အသင်းနှင့် ဒီဇင်ဘာ ၁၉ ရက်တွင် ကစားရမည်ဖြစ်သည်။