ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ပီတာဝေါလ်တန် ကတော့ တူရကီ က လိဂ်ပွဲစဉ် တစ်ခုမှာ အသင်း ဥက္ကဌ တစ်ဦးက ကွင်းလယ် ဒိုင်လူကြီး ကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ကို သင်ခန်းစာ ယူပြီး ပွဲကို ကိုင်တွယ်တဲ့ သူတွေ အပေါ် ပိုမို ကာကွယ်ပေးဖို့ တိုက်တွန်း ရေးသား လိုက်ပါတယ် ။
ဒါ့အပြင် ပီတာဝေါလ်တန် က ပရီးမီးယားလိဂ် နည်းပြတွေ အနေနဲ့ ဒိုင်လူကြီး တွေ အပေါ် မလေးမစား ပြုမူ ဆက်ဆံပါက အမှတ်လျှော့တာမျိုး အပါအဝင် ပိုမို ကြီးလေးတဲ့ ပြစ်ဒဏ်မျိုး ကျခံ ရသင့်တယ်လို့ ဆိုလိုက်ပါတယ် ။ ဝေါလ်တန် က The Times ” ခုချိန်မှာ ပွဲကို ကိုင်တွယ်တဲ့ တာဝန် ရှိသူတွေ အပေါ် ပိုပြီး အကာအကွယ် ပေးဖို့ လိုပါတယ်။ ”
” ဒါမှလည်း ကလောပ့် ၊ အာတီတာတို့လို နည်းပြတွေ နောက်တစ်ခါကျရင် ဒိုင်လူကြီး အပေါ် စောဒကတက် ဝေဖန်တာမျိုး ပွဲအပြီး မေးခွန်းထုတ် ပြောဆိုတာမျိုးတွေ လုပ်ဖို့ နှစ်ခါပြန် စဉ်းစား သွားမှာပါ ။ ကျနော်တို့ အနေနဲ့ ပြစ်ဒဏ် ချမှတ်ရာမှာလည်း ပိုမို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုအပ်နေပါပြီ ၊ ဒါမှလည်း အပြောင်းအလဲ အချို့ကို မြင်တွေ့ ရမှာပါ ။ ”
” အာတီတာ တစ်ယောက် ပွဲပယ် ပြစ်ဒဏ် ကျခံရတာကို ကျနော် တွေ့ပါတယ် ၊ သူ့အနေနဲ့ ကိုယ့်ထိုင်ခုံမှာ ကိုယ်ထိုင်ပြီး သူ့အလုပ်သူ လုပ်ရမှာပါပဲ ၊ ကျနော်ကတော့ သူ့ကို တစ်ပွဲပယ် ပြစ်ဒဏ် ချတာကို လုံလောက်တယ်လို့ မထင်ပါဘူး ၊ ပိုကြာတဲ့ ပွဲပယ် ပြစ်ဒဏ်တွေ အမှတ်လျှော့မှုတွေ လုပ်ဖို့ လိုပါတယ် ။ ”
” နောက်ပြီး ပွဲကန်နေချိန် အတွင်း မန်နေဂျာတွေကို ကွင်းစည်း အတွင်း လုံးဝ ဝင်ခွင့် မပြုသင့်ပါဘူး ။ ဒီလို ပြစ်ဒဏ်တွေ ချမှပဲ ပွဲအတွင်း တာဝန် ရှိသူတွေကို အနိုင်ကျင့် စော်ကားတာမျိုးက လုံးဝ မှားယွင်းကြောင်း သိသွားကြမှာပါ ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။