စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ပြီးနောက် အသင်း၏ ကစားပုံမှာ ပျော့လွန်းပြီး ၎င်းတို့၏စွမ်းဆောင်ရည်မှာ လက်ခံနိုင်စရာမရှိကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
စပါးအသင်းသည် ကြာသပတေးညက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းအား ပထမပိုင်းတွင် (၁-၀) ဂိုးဖြင့် အနိုင်ရနေခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများ ခွင့် ပြုပေးခဲ့ရကာ ပွဲအပြီး၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ စပါးအသင်းသည် ယခုရာ သီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အထိ ရလဒ်များ ကောင်းခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ငါးပွဲတွင် မန်စီးတီး တစ်သင်းကိုသာ သရေကစားနိုင်ခဲ့ပြီး လေးပွဲအထိ ရှုံးနိမ့်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် အသင်း၏စွမ်းဆောင်ရည်မှာ လက်ခံနိုင်စရာမရှိကြောင်း စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွန်ဟောင်မင်က “ဒီလိုပွဲမျိုး ရှုံးတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီပွဲအပါအဝင်ဆိုရင် ငါးပွဲဆက်တိုက် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီငါးပွဲလုံး ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ ဝက်စ်ဟမ်းအသင်းဟာ ကျွန်တော်တို့ကို အမြဲတမ်းခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက ပျော့လွန်းပါတယ်။ ဒါက ပရီးမီးယားလိဂ်ပြိုင်ပွဲပါ။ ပွဲအပြီးမှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် ပြိုင်ဘက်ကို ပြန်မလာနိုင်အောင် သတ်ထားဖို့လိုတယ်။ ဒါက လက်ခံနိုင်စရာမရှိပါဘူး”ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ပြီးခဲ့သည့်ပရီးမီးယားလိဂ် ငါးပွဲဆက်တိုက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း မန်စီးတီးအသင်းကိုသာ သရေကစားနိုင်ခဲ့ပြီး ချယ်လ်ဆီး၊ ဝုလ်ဗ်၊ အက် စတွန်ဗီလာနှင့် ဝက်စ်ဟမ်းအသင်းများကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ စပါးအသင်းအနေဖြင့် ယခုကဲ့သို့ ရလဒ်များဆိုးရွားနေခြင်းအတွက် အသင်းကစားသမားများတွင် တာဝန်ရှိကြောင်းလည်း ဆွန်ဟောင်မင်က ပြောကြားခဲ့သည်။ “အခု အသင်းရလဒ်ဆိုးရွားနေတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကစားသမားတွေမှာ တာဝန်ရှိပါတယ်။ အသင်းကို အားပေးနေတဲ့ ပရိသတ်တွေအနေနဲ့ အသင်းရဲ့ရလဒ်ဆိုးတွေကို ခံစားရဖို့ မထိုက်တန်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာ အားအင်အပြည့်နဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အရှုံးရလဒ်တွေကနေ ရုန်းထနိုင်ဖို့လိုပါတယ်။ ရှေ့ဆက်ဖို့ ကြိုးစားရမှာပါ။ အခုရလဒ်တွေက အသင်းအားပေးသူပရိသတ်တွေအတွက် စိတ်ပျက်စရာပါပဲ”ဟု ဆွန်ဟောင်မင်က ပြောကြားခဲ့သည်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကလည်း အသင်းကစားသမားများအနေဖြင့် ဝက်စ်ဟမ်းနှင့်ပွဲတွင် ဂိုးရအောင် ကြိုးစားခဲ့သင့်ကြောင်းနှင့် မိမိအနေဖြင့် အနိုင်ရလိုသောကြောင့် စပါးအသင်းကို ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပိုစတီကိုဂလူးက “ကျွန်တော်တို့အသင်းက ဒီနေ့ပွဲမှာ ဘောလုံးက သူဘာသူသွားပြီး ပြိုင်ဘက်ဂိုး ပေါက်ထဲဝင်သွားမယ်လို့ တွေးနေပုံပါပဲ။ ဘယ်တော့မှ အဲဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်အသင်း ပြန်မလာနိုင်အောင် ဂိုးတွေထပ်သွင်းဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့ ကြုံနေရတဲ့အခြေအနေကို ပြောင်းလဲနိုင်တာ ဒါပဲရှိပါတယ်။ ကျွန်တော် အနိုင်ရချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ စပါးအသင်းကို ကိုင်တွယ်နည်းပြနေတာပါ” ဟု ပြောကြားခဲ့သည်။