မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒဏ်ရာကြောင့် အနားယူနေရသည့် အသင်းကွင်းလယ်ကစားသမား ဒီဘရိုင်းနား၏ အကောင်းဆုံးအချိန်များကုန် ဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် သြဂုတ်လက ကစားခဲ့သည့် ဘန်လေနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ယင်းကတည်းက အနားယူနေရသူဖြစ်သည်။
ဂွါဒီယိုလာက ယခုရာသီတွင် ဒီဘရိုင်းနားအား ဒဏ်ရာပြဿနာကြောင့် အသုံးပြုခွင့်မရသည့်အပေါ် ဒေါသထွက်ရကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက “ဒီဘရိုင်းနားက သူ့အနေနဲ့ ဇန်နဝါရီမှ ကစားနိုင်မယ်လို့ ပြောရင် ဇန်နဝါရီမှပဲ သူ ကစားပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်ရင် သူ့ကို တစ်ရာသီလုံး အသုံး ပြုချင်တာပါ။ သူ ဇန်နဝါရီမှာ ကစားနိုင်မယ်ဆိုရင် အားလုံးပျော်ရပါလိမ့်မယ်။ ဒီဘရိုင်းနားအနေနဲ့ အခုလို အချိန်အကြာကြီး အနားယူနေရတာက သူ့ အတွက် ကောင်းတယ်လို့ မထင်ပါဘူး။ ပြီးတော့ ဒီဘရိုင်းနားက (၂၁) နှစ်သား မဟုတ်တော့ပါဘူး။ ကံမကောင်းစွာပဲ သူ့ရဲ့ အကောင်းဆုံးအချိန်တွေဟာ ကုန်ဆုံးသွားပါပြီ။ လက်ရှိမှာ သူ ဒဏ်ရာရနေပြီး ပြန်ကောင်းဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့အနေနဲ့ သူ ဒဏ်ရာက ပြန်ကောင်းလာရင်တောင် ချက်ချင်းအသုံးပြုဖို့ စောင့်ကြည့်ရဦးမှာပါ”ဟု ပြောကြားခဲ့သည်။