အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်က မိမိ၏အသင်းကို ကမ္ဘာ့အဆင့် (၁) အသင်းတစ်သင်းဖြစ်လာရန် ရည်ရွယ်ထားသည်ဟု ကြုံးဝါးပြောကြားခဲ့သည်။
ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့အဆင့်ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ရန်အတွက် မြင့်မားသည့်စွမ်းဆောင်ရည်နှင့် ကောင်းမွန်သည့်ရလဒ်များ လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် နောက်ထပ်ပစ်မှတ်အဖြစ် ပြိုင်ပွဲတွင် ဗိုလ်စွဲစေရန်နှင့် ကမ္ဘာ့အဆင့်ရပ်တည်မှုနှင့်ပတ်သက်သည့် ရည်မှန်းချက်များကို ဆောက်ဂိတ်က ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် ခြေစစ်ပွဲစဉ်တွင် မော်လ်တာအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အသင်း၏ ကောင်းမွန်သည့် ရလဒ်များကြောင့် ပြိုင်ပွဲကြီးတွင် Pot-1 နေရာကို ရရှိရန်လည်း သေချာသွားခဲ့ပြီ ဖြစ်သည်။
ဆောက်ဂိတ်က အင်္ဂလန်အသင်းသည် လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး မြင့်မားသော စွမ်းဆောင်ရည်ကို တသမတ်တည်း ပြသနိုင်ရန်အရေးကြီးကြောင်းကို အလေးပေးပြောဆိုသွားခဲ့ပြီး ”ကျွန်တော်တို့အသင်းရဲ့ သမိုင်းမှာ အရင်တုန်းက အကောင်းဆုံံးဖြစ်ခဲ့တဲ့ ရပ်တည်မှုက အဆင့် (၄) ပါ။ အခုတော့ ကျွန်တော်တို့ အဆင့် (၃) နေရာမှာ ရပ်တည်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ကျော်ဖြတ်စရာ နောက်ထပ်အဆင့် (၂) ဆင့် ရှိနေပါသေးတယ်။ ကမ္ဘာ့အဆင့်ထိပ်ဆုံးနေရာမှာ ရပ်တည်ဖို့အတွက်ဆိုရင် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရရှိဖို့ လိုအပ်ပါတယ်။ ဖီဖာကမ္ဘာ့အဆင့် ရပ်တည်မှုရဲ့ ထိပ်ဆုံးနေရာက ကျွန်တော်တို့ အမှန်တကယ် လိုချင်တဲ့နေရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာအထိရောက်ရှိခြင်းဟာ ကိုယ့်အသင်းက ဘယ်လောက်အထိ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလဲဆိုတာအတွက် အကောင်းဆုံးသက်သေပါပဲ။ အလားတူပဲ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့အသင်းဟာ လေ့ကျင့်ရေးကွင်းမှာရော၊ ပွဲချိန်တွင်းမှာပါ အကောင်းဆုံးကြိုးစားနေဖို့လည်း လိုပါတယ်” ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် လက်ရှိအချိန်တွင် ယူရိုပြိုင်ပွဲအတွက် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများစာရင်းထဲတွင် ပါဝင်လျက်ရှိပြီး ဆောက်ဂိတ်ကမူ ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲရန် မျှော်လင့်နေသော်လည်း အသင်းတိုင်းသည် တောင့်တင်းသည့်အသင်းကောင်းများဖြစ်ပြီး တစ်ပွဲချင်းကို အကောင်းဆုံးပုံစံရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။