PSG အသင်း၏ ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် ဘာပေသည် ယခုရာသီ အသင်းတွင် ပြန်ကစားနိုင်ရန်အတွက် ဆုကြေး ပေါင်သန်း ၇၀ နီးပါးကို လျှော်ပေးရန် သဘောတူခဲ့သော်လည်း အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်နေဆဲဖြစ် ကြောင်း ပြင်သစ်သတင်းစာ RMC Sport က ဖော်ပြိ့ခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဘာပေ၏ အနာဂတ်မှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အလွန်လှုပ်ခတ်ခဲ့ပြီး PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ နွေရာသီတွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
သို့ သော် ဘာပေသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ PSG အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်တွင် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသော အချက်ပါဝင်သော်လည်း သက်တမ်းတိုးခြင်း၊ မတိုးခြင်းကို ဆုံးဖြတ်နိုင်သူမှာ ဘာပေကိုယ်တိုင်သာ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နွေရာသီတွင် ဘာပေသည် အသင်းနှင့် စာချုပ်သက်တမ်းထပ်တိုးမည်မဟုတ်ကြောင်း PSG အသင်းထံ အကြောင်းကြားစာပို့ခဲ့ကြောင်း သိရှိရသည်။
PSG အသင်းသည် အသင်းနှင့်စာချုပ် သက်တမ်းတိုးရန် ငြင်းဆန်သည့် ဘာပေအား အသင်းမှထုတ်ပယ်ခဲ့ပြီး ဂျပန်နှင့် တောင်ကိုရီးယားတို့ကို သွားရောက်ခဲ့သည့် အသင်း၏ ရာသီကြိုခရီးစဉ်များတွင် ခေါ်ဆောင်ခဲ့ခြင်း မရှိပေ။ ယင်းနောက် ပြီးခဲ့သည့်နွေရာသီတစ်လျှောက်လုံး ဘာပေ၏ အပြောင်းအရွှေ့သတင်းများမှာ ပြန်လည်လှုပ်ခတ်ခဲ့ပြီး ဆော်ဒီလိဂ်ကပါ ၎င်းင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး၊ ကမ္ဘာ့စံချိန်တင်လစာငွေများဖြင့် ခေါ်ယူမည်ဟု သတင်းထွက်ခဲ့သည်။
PSG အသင်းကမူ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်သည့် ဘာပေအား တစ်ရာသီလုံး ပွဲမကစားခိုင်းဘဲထားမည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းပြဿနာများကြောင့် ဘာပေသည် PSG အသင်း၏ ရာသီအဖွင့် လီဂူးပွဲစဉ်ကို လွဲချော်ခဲ့ရပြီး နောက်ပိုင်းတွင်မှ အသင်းနှင့် ပြန်လည်ပြေလည်မှုရရှိကာ PSG အသင်းတွင် ပြန်လည်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
RMC Sport ၏ဖော်ပြမှုအရ ဘာပေ အနေဖြင့် PSG အသင်းတွင် ပြန်လည်ကစားခွင့်ရခြင်းမှာ အသင်းထံမှ ၎င်းရရှိမည့် ဆုကြေး ယူရိုသန်း ၈၀ (ပေါင်သန်း ၇၀) နီးပါးကို လျှော်ပေးမည်ဟု သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ PSG အသင်းအနေဖြင့် ကနဦးတွင် ဘာပေအား အသင်းနှင့် စာချုပ် သက်တမ်းတိုးမည်ဟု ကတိပေးမှသာ ယခုရာသီတွင် အသင်းအတွက် ပြန်လည်ကစားခွင့်ပေးမည်ဟု တင်းခံခဲ့သေးကြောင်း သိရသည်။
သို့သော် ဘာပေအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ကိစ္စကို ငြင်းဆန်ခဲ့ပြီး အနာဂတ်တွင်လည်း ဆက်လက်ငြင်းဆန်ဖွယ်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် PSG အသင်းသည် နည်းဗျူဟာပြောင်းကာ နောက်ဆုံးတွင် ဘာပေအား ပေးချေရမည့် ဆုကြေး ပေါင်သန်း ၇၀ နီးပါးကို လျှော်ပေးပါက အသင်းတွင် ပြန်ကစားခွင့်ပေးမည်ဟု ကမ်းလှမ်းရာ ဘာပေက သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်း RMC Sport က ဖော်ပြခဲ့သည်။
PSG အသင်းသည် ၎င်းတို့၏ကြယ်ပွင့် ကစားသမားဖြစ်သည့် ဘာပေကို စာချုပ်သစ် ချုပ်ဆိုရန် အသည်းအသန် ကြိုးပမ်းနေဆဲ ဖြစ်ပြီး ကစားသမားအနေဖြင့်လည်း ရီးယဲလ် အသင်းထံသို့ပြောင်းရွှေ့ရန် ချိတ်ဆက်နေဆဲ ဖြစ်ကြောင်း သိရသည်။ ဘာပေအနေဖြင့် ယခုကဲ့သို့ ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး လှုပ်ခတ်မှုများရှိနေသော်လည်း ယခုရာသီတွင် PSG အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိသည်။
ဘာပေသည် PSG အသင်း အတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၅ ပွဲတွင် ၁၅ ဂိုးသွင်းယူထားပြီး လီဂူး ၁၁ ပွဲတွင် ၁၃ ဂိုးအထိ သွင်းယူပေးထားသည်။