ရီးယဲလ်မက်ဒရစ်အသင်း၏ စပိန်ဝါရင့်နောက်ခံလူ ဒန်နီကာဗာဟယ်လ်က ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သည့် ကွင်းလယ်လူ ဂါဗီအား ချီးကျူး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ဂါဗီသည် စပိန်အသင်းက နော်ဝေအသင်းအား အဝေးကွင်းတွင် (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ယင်းသွင်းဂိုးကြောင့် စပိန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်းလည်း သိရှိရသည်။
ကာဗာဟယ်လ်အား ဂါဗီ၏ ခြေစွမ်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ကာဗာဟယ်လ်က “သူက ဘာစီလိုနာအသင်းမှာလည်း အဓိက ကစားသမား ဖြစ်နေပြီ။ စပိန်လက်ရွေးစင်အသင်းမှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ကစားနေပြီ။ သူ့အသက်အရွယ်နဲ့ ဒီလို အလုပ်မျိုးတွေကို လုပ်နေပြီဆိုတော့ ကျွန်တော် ဘာများပြောနိုင်ဦးမှာလဲ။ စပိန်နိုင်ငံအတွက် ကျောက်မျက်ရတနာလေး တစ်ခုပေါ့”ဟု ပြောကြားခဲ့သည်။