spot_img

၂၀၂၃ ခုနှစ်အတွင်း ချယ်လ်ဆီးအသင်း ဂိုးမသွင်းနိုင်သည့် ပရီးမီးယားလိဂ်ပွဲ (၁၃)ပွဲအထိ ရှိလာခဲ့ပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးတိုက်စစ်မှတ်တမ်းဖြစ်နေ

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၀၂၃ ခုနှစ်အတွင်း ဂိုးမသွင်းနိုင်သည့်ပွဲ (၁၃)ပွဲအထိ ရှိလာခဲ့ပြီး ၁၉၉၅ ခုနှစ်က (၁၄)ပွဲ ဂိုးမသွင်းနိုင်ခဲ့သည့်နောက်ပိုင်း အဆိုးရွားဆုံး တိုက်စစ်စွမ်းဆောင်ရည်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း (၂၉)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် ဂိုးမသွင်းနိုင်သည့်ပွဲ (၁၃)ပွဲရှိခဲ့ခြင်းဖြစ်ပြီး ကစားခဲ့သည့်ပွဲအရေအတွက်၏ ထက်ဝက်နီးပါးအထိ ဂိုးမသွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

myan789

ထို့ပြင် ယင်း(၁၃)ပွဲတွင် (၈)ပွဲမှာ အိမ်ကွင်းပွဲစဉ်များဖြစ်သောကြောင့် လှောင်ပြောင်မှုများနှင့် ပိုမိုရင်ဆိုင်နေရကြောင်းလည်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ၂၀၂၂ နွေရာသီတွင် အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ၌ ပရီးမီးယားလိဂ်တွင် အဆင့်(၁၂)နေရာသာရှိခဲ့သလို၊ ယခုရာသီတွင်လည်း ပွဲစဉ်(၆)အပြီး၌ အဆင့်(၁၄)နေရာသို့ ရောက်ရှိနေသည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် နိုင်ပွဲတစ်ပွဲသာ ရရှိသေးပြီး နောက်ဆုံး(၃)ပွဲ၌ တစ်ပွဲ သရေ၊ နှစ်ပွဲရှုံးခဲ့သည်။ အဆိုပါ(၃)ပွဲစလုံးတွင် တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသောကြောင့်လည်း ယခုကဲ့သို့ ဆိုးရွားသည့် တိုက်စစ်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်ချယ်လ်ဆီးအသင်း၏နည်းပြ ပိုချက်တီနိုမှာလည်း ဖိအားများနှင့် ပိုမိုရင်ဆိုင်လာရသည်။ ပိုချက်တီနိုသည် ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ကစားသမားသစ်များစွာ ခေါ်ယူနိုင်ခဲ့သော်လည်း ကစားသမားများစွာလည်း ထွက်ခွာသွားသည့်အတွက် အသင်းမှာ အပြောင်းအလဲများပြားသည့် အသင်းတစ်သင်းဖြစ်ခဲ့သည်။

ယင်းအတွက် ပိုချက်တီနိုက မိမိကိုင်တွယ်ရသည့် အခြေအနေမှာ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သည့် နည်းပြ တူဟယ်လ် ကိုင်တွယ်ခဲ့စဉ်က အခြေအနေနှင့် မတူညီကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အသင်းပိုင်ရှင်များအနေဖြင့် အသင်း၏ စီမံကိန်းကို ယုံကြည်ရန်နှင့် ထောက်ခံအားပေးမှု ဆက်လက်ပြုလုပ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “မှန်ပါတယ်။ အသင်းပိုင်ရှင်တွေ စိတ်ပျက်နေကြပါတယ်။ သူတို့က အသင်းကို ရောက်လာပြီးတဲ့နောက် စီမံကိန်းတစ်ခုကို ပုံဖော်ဖို့ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေကြပေမဲ့ တစ်ချိန်တည်းမှာ ဒီစီမံကိန်းကို သူတို့ ဆက်ပြီးထောက်ခံအားပေးဖို့ လိုအပ်ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

ဂိုးမသွင်းနိုင်သည့် ပွဲများများပြားနေခြင်းအတွက်မူ ယုံကြည်မှုတည်ဆောက်နိုင်ရန် လိုအပ်နေသည်ဟု သုံးသပ်ခဲ့သည်။ “ယုံကြည်မှု မရှိဘဲ ဘယ်အရာကိုမှ ကျွန်တော်တို့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ လိုအပ်တဲ့ ထောက်ခံအားပေးမှုရရှိ ပြီး ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုရင် ဗုဒ္ဓဟူးနေ့မှာ ဂိုးသွင်းဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်”ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular