ဆော်ဒီပရိုလိဂ် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပီတာဟတ်တန်က ဆော်ဒီကလပ်များ၏ ငွေကြေးအလုံးအရင်း သုံးစွဲမှုမှာ ရည်မှန်းချက်များအတွက် အစသာရှိသေးကြောင်း ထုတ်ဖော်ပြောကြားသည်။
ဆော်ဒီကလပ်များသည် ယခုနွေရာသီတွင် ဥရောပမှ ထိပ်တန်းအဆင့် ကြယ်ပွင့်ကစားသမားများကို မြင့်မားသည့် လစာငွေဖြင့် ခေါ်ယူမှုများ ပြုလုပ်လျက်ရှိပြီး ပေါင်သန်း(၃၅၀)ကျော် အသုံးပြုထားပြီးဖြစ်သည်။ ယခုနွေရာသီတွင် ဆော်ဒီလိဂ်သို့ပြောင်းရွှေ့လာသည့် ကစားသမားများအနက် ဘန်ဇီမာ၊ ကွန်တေ၊ နေးဗက်စ်၊ မန်ဒီ၊ ကူလီဘလီ၊ ဟန်ဒါဆန်၊ စိန့်မက်ဆီမင်၊ မာရက်ဇ်၊ မီလင်ကိုဗစ်ဆာဗစ်၊ ဖေမီနို၊ ဘရိုဇိုဗစ်၊ မာနေစသည့် ထိပ်တန်းကစားသမားများ ပါဝင်ပြီး ထပ်မံပြောင်းရွှေ့လာနိုင်သူများလည်းရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဆော်ဒီကလပ်များ၏ ငွေကြေးသုံးစွဲမှုအပေါ် ဝေဖန်မှုများရှိနေသော်လည်း ဆော်ဒီပရိုလိဂ်၏ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ပီတာဟတ်တန်ကမူ ယခု အခြေအနေမှာ အစသာရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဲဒီလောက် ဘတ်ဂျက်ရှိတာ နှစ်အတော်ကြာနေပြီလို့ ကျွန်တော်ထင်တယ်။ သုံးစွဲမှုတွေကျဆင်းသွားတာ ကျွန်တော်မမြင်ဖူးပါဘူး။ အားကစားလောကမှာ ကျွန်တော်အလုပ်လုပ်လာတာ နှစ်ပေါင်း(၄၀)ရှိပါပြီ။ အောင်မြင်မှုရဖို့အတွက် စိတ်ပိုင်းဖြတ်မှု၊ ရည်မှန်းချက်ကြီးမှု၊ ပရောဂျက် ကြီးကြီးရေးဆွဲမှုမျိုး ကျွန်တော် တစ်ခါမှမတွေ့ဖူးပါဘူး။ ဆော်ဒီရဲ့ရင်းနှီးမြှုပ်နှံမှုက ထူးထူးခြားခြားပါပဲ။ ဒါက ကြီးမားတဲ့ အရှိန်တစ်ခုဖြစ်တယ်ဆိုတာတော့ သေချာပါတယ်။ ဒီအခြေအနေက ဥရောပဟာ ကမ္ဘာ့ဘောလုံးလောကမှာ ရှေ့ဆက်ပြီးတော့ အင်အားကြီးထွားနိုင်မှာ မဟုတ်တော့ဘူးလို့ မဆိုလိုပါဘူး။ ဘောလုံးရဲ့အင်အားက ကမ္ဘာတစ်ဝန်းလုံးမှာရှိတာ ကောင်းပါတယ်” ဟု ပီတာဟတ်တန်က BBC သတင်းဌာနသို့ ပြောကြားသည်။

ယခုနွေရာသီတွင် ဆော်ဒီလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေးများ အသုံးပြုထားသည့် အယ်လ်ဟီလာအသင်းက PSG အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင်(၂၅၉)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်။ သို့သော် အမ်ဘာပေက အယ်လ်ဟီလာအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ခဲ့သောကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။
ယင်းအခြေအနေအပေါ် ပီတာဟတ်တန်က “အမ်ဘာပေကို ကမ်းလှမ်းမှု၊ ရူဘင်နေးဗက်စ်လို ကစားသမားမျိုး ခေါ်ယူမှုတွေက ကောင်းတဲ့အချက်ပါ။ အဲဒါက အသင်းတွေအနေနဲ့ သက်ကြီးကစားသမားတွေကိုပဲ စောင့်ကြည့်နေတာ မျိုးမဟုတ်ဘူးဆိုတာ ပြသနေပါတယ်” ဟု သုံးသပ်ပြောကြားသည်။