ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ စျေးကွက် အတွင်း ထွက်ခွာခွင့် ပေးလိုက်တဲ့ ( စာချုပ်ဖျက်သိမ်းမှုတွေ အပါအဝင် ) ကစားသမား အရေအတွက် အယောက် ၂၀ကျော် ရှိထားပြီး ၊ နောက်ထပ် အငှားထွက်နိုင်တဲ့ ၊ ရောင်းထုတ်နိုင်သေးတဲ့ ကစားသမား အရေအတွက်ကလည်း ၁၀ယောက်ထက် မနည်းကျန်နေပါသေးတယ် ။
နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို လက်ထက်မှာ ချဲလ်ဆီး ပိုင်ရှင်တွေဟာ ပိုပြီး ကျစ်လျစ် ပါးနပ်မှု ရှိတဲ့ ချဉ်းကပ်ပုံမျိုး လုပ်နေကာ ၊ လက်ရှိ နွေတတွင်း ဗီလာရီးရဲလ် အသင်းမှ ဆီနီဂေါ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင် တဦးတည်းသာ ခေါ်ယူထားပါတယ် ။
လက်ရှိ ကျန်ရစ်နေတဲ့ ကစားသမား အများစုဟာ အသက် ၂၅နှစ်အောက်တွေ ဖြစ်ကာ ၊ လာမယ့် ရာသီ ချဲလ်ဆီး အသင်းကို လုံးဝ ကွဲပြားခြားနားတဲ့ အသွင်သစ် တရပ်နဲ့ မြင်ရမှာ သေချာပါတယ် ။ အထူးသဖြင့် အဆင့် ၁၂နဲ့ ပြီးဆုံးခဲ့တဲ နောက်ဆုံးရာသီ အပြီး ပိုချက်တီနိုဟာ ချဲလ်ဆီးကို အနိမ့်ဆုံး Top 6 ပြန်ဝင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ လိုပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ ယာယီ caretaker နည်းပြ အဖြစ်နဲ့ ပြန်လာခဲ့တဲ့ ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကတော့ ဇန်နဝါရီက ခေါ်ယူထားတဲ့ အန်ဇို ဖာနန်ဒက်ဇ် ၊ မစ်ခ်ဟိုင်းလို မူဒရစ်နဲ့ နွန်နီ မက်ဒူးကီတို့ဟာ လာမယ့် ရာသီ ချဲလ်ဆီးရဲ့ big player တွေ ဖြစ်လာနိုင်ကြောင်း အခုလိုပဲ ထင်ကြေးပေးသွားပါတယ် ။
The Diary of a CEO Podcast နဲ့ တွေ့ဆုံခဲ့ရာမှာ လမ်းပတ် က ” ရည်ရွယ်ချက်တွေက တကယ်ကောင်းတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်ဟာ ပိုင်ရှင်သစ်တွေနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ခဲ့ပြီး ၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေက အံ့သြဖွယ်ကောင်းပါတယ် ။ သူတို့ဟာ ဒီကလပ်ကို နောက်တဆင့်ဆီ ပို့ဆောင်လိုကြပြီး ၊ အကောင်းဆုံး ဖြစ်စေချင်ကြပါတယ် ။ ”

” တချို့သော လူငယ် ကစားသမားတွေဟာ နည်းပြသစ် လက်အောက်မှာ ကိုယ့်မှာ ရှိနေတဲ့ အရည်အချင်းတွေကို ထုတ်ပြဖို့ ပိုကြီးမားတဲ့ အခွင့်အရေးတွေ ရလာပါလိမ့်မယ် ။ သူတို့တွေဟာ ပင်ကို အရည်အသွေး ရှိကြတဲ့ ကစားသမားတွေ ဖြစ်ပါတယ် ။ ”
” ခင်ဗျားဟာ စျေးကွက် တခု အတွင်းမှာတင် ကစားသမား ၅ယောက် ၊ ၆ယောက် တပြိုင်တည်း ဖြည့်လိုက်တဲ့ အသင်း တသင်းကို ချက်ချင်းကြီး လိမ့်ပတ်လည်စေဖို့ တောင်းဆိုရတာ ခက်ပါတယ် ။ အထူးသဖြင့် ဒါဟာ ဒီကလပ်ရဲ့ ခက်ခဲတဲ့ အခိုက်အတန့်လည်း ဖြစ်နေခဲ့ပါတယ် ။ ”
” ဒါပေမယ့် ချဲလ်ဆီး ပရိသတ် တယောက် အနေနဲ့ ခင်ဗျားဟာ အနာဂတ်ကို ကြည့်လိုက်တဲ့အခါ အကောင်းမြင်ဖို့ လုံလောက်တဲ့ အကြောင်းအရင်းတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ပင်ကိုအရည်အသွေးတွေက ရှိနေပြီးသားမို့ပါ ။ ”

” ပိုင်ရှင်သစ်တွေ ဒီလောက်ထိ ပိုက်ဆံသုံးခဲ့တယ် ဆိုတာ ဒီမှာ အောင်မြင်ချင်ကြတာကြောင့် ဖြစ်ပါတယ် ။ ရှေ့ဆက်ခရီးမှာ သူတို့ဟာ ချဉ်းကပ်ကိုင်တွယ်ပုံတွေ အနည်းငယ် ပြန်ပြောင်းကောင်း ပြောင်းပါလိမ့်မယ် ။ ဒီနွေတတွင်းမှာ ကစားသမား ၆ယောက် ၊ ၇ယောက်လောက် ထွက်သွားတာကို ကျွန်တော်တို့ မြင်တွေ့ထားပြီးပါပြီ ။ ”
” ဒါပေမယ့် အန်ဇို ဖာနန်ဒက်ဇ် ၊ မစ်ခ်ဟိုင်းလို မူဒရစ်နဲ့ မက်ဒူးကီတို့ဟာ ရှေ့ဆက် တိုးတက်လာဦးမှာ ဖြစ်သလို ၊ ကလပ်ရဲ့ ကြီးကျယ်တဲ့ ကစားသမားတွေ ဖြစ်လာကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။