ချဲလ်ဆီး အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် လေ့ကျင့် ပြင်ဆင်မှုတွေ စတင်နေတာ ၆ရက်တိတိ ရှိထားပေမယ့် ၊ အခုအချိန်အထိ ကစားသမား အစုံအလင် ပူးပေါင်းပါဝင် ၊ သတင်းပို့ထားခြင်းတော့ မရှိသေးပါဘူး ။ ထိုအထဲမှာ ယူ၂၁ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ ဆင်နွှဲထားတဲ့ ကြယ်ပွင့် တချို့လည်း ပါဝင်နေပါတယ် ။
အထူးသဖြင့် ယူကရိန်း ယူ၂၁ အသင်းနဲ့ အတူ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ တောင်ပံ ကစားသမား မစ်ခ်ဟိုင်းလို မူဒရစ် ၊ မနေ့က ဗိုလ်လုပွဲမှာ အင်္ဂလန် ယူ၂၁ အသင်းနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့ကြတဲ့ တောင်ပံကစားသမား နွန်နီ မက်ဒူးကီနဲ့ ခံစစ်မှူး လီဗိုင်း ကိုဝဲလ်တို့ဟာ ဇူလိုင် ၁၇ရက်နေ့မှာ စတင်မယ့် အမေရိကန်ခရီးစဉ် အမှီ မော်ရစ်စီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီး camp သို့ လာရောက် ပူးပေါင်းဖို့ မျှော်မှန်းရပါတယ် ။
ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနို က ယူကရိန်း ယူ၂၁ အသင်းနဲ့ အတူ ဂိုးဖန်တီးမှု ၃ကြိမ် ရခဲ့တဲ့ မူဒရစ် ၊ အင်္ဂလန် ယူ၂၁ အသင်းနဲ့ အတူ Clean Sheet ၆ပွဲဆက် ရခဲ့တဲ့ ကိုဝဲလ်တို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ဖွင့်ဟမှတ်ချက်ပေးလာပါတယ် ။

ပိုချက်တီနို က ” သူ ( မူဒရစ် ) နဲ့ စကားပြောဖို့ အချိန်ပေးရတာက အမှန်တကယ် အရေးကြီးပါတယ် ။ ရာသီကြို ခရီးစဉ် မတိုင်မီ သူနဲ့ ကျွန်တော် တွေ့ဆုံဖို့ ရှိပါတယ် ။ ကျွန်တော် သူ့ကို အမှန်တကယ် မြင်တွေ့ချင်သလို ၊ သူ့အကြောင်းလည်း သိချင်ပါတယ် ။ နောက်ပြီး သူ့ကို ချဲလ်ဆီးက မျှော်မှန်းထားတဲ့ ခြေစွမ်းအဆင့် အထိ ရောက်စေမယ့် အကောင်းဆုံး နည်းလမ်းကို ကျွန်တော်တို့ ရှာဖွေသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
” ကျွန်တော် သူ့ ( ကိုဝဲလ် ) အတွက် ခံစားချက် တခု အရင်ရဖို့ လိုပါတယ် ။ သူ့စိတ်ထဲမှာ ဘာတွေရှိနေလဲ ၊ ဘာတွေ မျှော်မှန်းထားလဲ ဆိုတာ ကျွန်တော် သိဖို့ လိုပါတယ် ။ နောက်ပြီး ကျွန်တော် သူ့ဆီကနေ ဘာတွေ မျှော်မှန်းထားလဲ ဆိုတာ သူ တဖန် ပြန်နားထောင်ပေးဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ပိုချက်တီနိုရဲ့ ရာသီကြိုပြင်ဆင်မှုမှာ အစောဆုံး ပူးပေါင်းတဲ့ ကစားသမားတွေထဲ တဦး အပါအဝင် ဖြစ်တဲ့ အင်္ဂလန် တောင်ပံကစားသမား ရာဟင်း စတာလင်ဟာ ခြင်္သေ့ပြာတို့ရဲ့ အရောင်းစာရင်းထဲမှာ မပါဝင်တာကြောင့် ယင်းအာဂျင်တိုင်းသားရဲ့ အစီအစဉ်မှာ အနိမ့်ဆုံး တရာသီတော့ သေချာပေါက် ရှိနေမှာ သေချာပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ စတာလင်နဲ့ ပတ်သက်ပြီး ပိုချက်တီနို က ” ကျွန်တော်တို့ဟာ တကယ်တော်တဲ့ ကစားသမား တယောက် အကြောင်း ပြောနေကြတာပါ ။ ဒါပေမယ့် တခါတလေ ကစားသမား တယောက် အတွက် ပထမဆုံး ရာသီမှာပဲ အသင်းသစ်မှာ အထိုင်ကျဖို့ ၊ ရှေ့ကလပ်က ခြေစွမ်းအတိုင်း ဆက်လက် ပြသဖို့ မလွယ်ပါဘူး ။ ”
” ကျွန်တော်တို့ အနေနဲ့ လက်ရှိ ကစားသမားစာရင်းကို လျှော့ချပစ်ဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ ကစားသမားအင်အားက ဖောင်းပွနေတာကြောင့်ပါ ။ ကစားသမားတွေ အဖို့ လေ့ကျင်ရေးကွင်းမှာ နေရာလွတ်တွေ ရဖို့ လိုပါတယ် ။ ပြီးမှ ထရိန်နင် ၊ တကယ့်ပွဲစဉ် စသဖြင့် ရှေ့ဆက်ရမှာပါ ။ ”
” ကျွန်တော်တို့ဟာ ကစားသမားတွေကိုချည်း အပြစ်တင်လို့ မပြီးပါဘူး ။ ဘာတွေဖြစ်နေလဲ ၊ သူတို့ ဘာကြောင့် မျှော်မှန်းထားသလို မစွမ်းဆောင်နိုင်လဲ ဆိုတာ ကျွန်တော်တို့ သိဖို့ လိုပါတယ် ။ ဒါတွေ အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီဆိုရင်တော့ သူတို့ ခြေစွမ်း မပြနိုင်တာကို ကျွန်တော်တို့ဖက်က ဆင်ခြေပေးလို့ မရတော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။