အေစီမီလန်အသင်းမှ ပြောင်းရွှေ့လာသည့် အီတလီလက်ရွေးစင်ကွင်းလယ်လူ ဆန်ဒရိုတိုနာလီသည် အသင်းနှင့် အလွန်အံဝင်ခွင်ကျဖြစ်မည့် ကစားသမားဖြစ်ကြောင်း နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ချီးကျူးခဲ့သည်။
နယူးကာဆယ်အသင်းသည် တိုနာလီကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ နယူးကာဆယ်အသင်းသည် တိုနာလီ (၂၃ နှစ်)ကို ဇွန်လကတည်းက သဘောတူညီ မှု ရရှိထားပြီးဖြစ်သော်လည်း အေစီမီလန်အသင်းနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသဖြင့် ဇူလိုင် ၃ ရက်တွင်မှ အတည်ပြုကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။
“ဆန်ဒရိုကို နယူးကာဆယ်အသင်းကနေ ကြိုဆိုခွင့်ရလို့ ကျွန်တော် ဝမ်းသာပါတယ်။ သူဟာ ထူးခြားတဲ့ ပါရမီရှိသူဖြစ်ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ နည်းစနစ်ပိုင်း ပင်ကိုအရည်အချင်းရှိနေမှုက ကျွန်တော်တို့အတွက် အလွန်အံဝင်ခွင်ကျ ဖြစ်စေမှာပါ။ ၂၃ နှစ်အရွယ် ဆန်ဒရိုဟာ ဥရောပထိပ်တန်းလိဂ်တွေထဲကတစ်ခုနဲ့ ချန်ပီယံလိဂ်မှာ အဓိကကစားသမားအဖြစ် အရေးပါတဲ့အတွေ့အကြုံ ရှိထားပြီး နိုင်ငံအသင်းအတွက်လည်း ကစားနေသူပါ။ သူလည်း ကျွန်တော်တို့နဲ့အတူ ပိုမိုတိုးတက်လာမယ့် အခွင့်အရေးလည်း ရှိပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရာသီတစ်ခုကို ကျွန်တော်တို့ ချဉ်းကပ်လာချိန်မှာ အသင်းလူစာရင်းထဲ သူ့ကို ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိပါတယ်” ဟု နည်းပြ အက်ဒီဟောင်းက ပြောကြားခဲ့သည်။

တိုနာလီ၏ပြောင်းရွှေ့ကြေးမှာ ကနဦး ပေါင် ၅၂ သန်းနှင့် Add-ons ကြေး ပေါင် သုံးသန်းဖြစ်ပြီး အီတလီကစားသမားများထဲ၌ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
တိုနာလီကမူ “ပထမဆုံး နယူးကာဆယ်အသင်းကို ကျေးဇူးတင်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကြီးမားတဲ့ အခွင့်အရေးတစ်ခု ကျွန်တော့်ကို ပေးခဲ့လို့ပါ။ ဒီလိုယုံကြည်ခဲ့တာအတွက် ကွင်းထဲမှာ ပြန်ပေးဆပ်သွားချင်တယ်။ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ကစားရမှာကို တကယ်စိတ်လှုပ်ရှားနေသလို၊ ပရိသတ်တွေနဲ့ ဆုံတွေ့ရဖို့လည်း မစောင့်နိုင်တော့ပါဘူး”ဟု ပြောကြားခဲ့သည်။
