ဘာစီလိုနာကစားသမားဟောင်းများဖြစ်သည့် မက်ဆီနှင့် ဘူးစကွက်စ်တို့ကို ခေါ်ယူထားသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသည် ကစားသမား(၂)ဦး သို့မဟုတ် (၃)ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌဖြစ်သူ ဂျော့ချ်မက်စ်က အတည်ပြုခဲ့သည်။
ထို့ပြင် ၎င်းက မက်ဆီ၊ ဘူးစကွက်စ်တို့၏ အသင်းဖော်ဟောင်းများဖြစ်သည့် နောက်ခံလူ ယော်ဒီအယ်လ်ဘာနှင့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်တို့ကိုလည်း ခေါ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း ဝန်ခံခဲ့သည်။
အသက်(၃၄)နှစ်အရွယ်ရှိ အယ်လ်ဘာသည် ဘာစီလိုနာမှ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး အသက်(၃၆)နှစ်အရွယ်ရှိ ဆွာရက်ဇ်မှာမူ လက်ရှိတွင် ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းတွင် ကစားလျက်ရှိသည်။

“ကစားသမား နှစ်ဦး သို့မဟုတ် သုံးဦး ထပ်ရောက်လာပါလိမ့်မယ်။ ယော်ဒီအယ်လ်ဘာနဲ့ ကျွန်တော်တို့ စကားပြောခဲ့တယ်။ လူးဝစ်ဆွာရက်ဇ်ကတော့ စာချုပ်သက်တမ်း ကျန်ရှိနေပြီး စာချုပ်လျော်ကြေးလည်း ပါပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကစားသမားသစ် ခေါ်ယူမှုအားလုံးက ဇူလိုင်လ(၁၅)ရက်မတိုင်ခင်တော့ ဖြစ်လာပါလိမ့်မယ်”ဟု ဂျော့ချ်မက်စ်က စပိန်သတင်းစာ El Pais သို့ ပြောကြားခဲ့သည်။

အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲ ပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသည် မကြာသေးမီကမှ ဘာစီလိုနာနည်းပြဟောင်း တာတာမာတီနိုကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့သည်။

မကြာသေးမီက ပြုလုပ်သည့် မာတီနို၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် မက်ဆီ၊ ဘူးစကွက်စ်တို့နှင့်ပတ်သက်၍ မာတီနိုက “မနေ့က ဆာဂျီယို (ဘူးစကွက်စ်)နဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ လီယို(မက်ဆီ)နဲ့ စကားပြောဖြစ်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ရောက်လာတာ အောင်မြင်မှုရယူဖို့နဲ့ ကောင်းကောင်းမွန်မွန် ယှဉ်ပြိုင်ဖို့အကြောင်း ပြောခဲ့ကြတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်တို့ဟာ အားလပ်ရက်ခရီး ထွက်တဲ့အနေနဲ့ အမေရိကန်၊ မိုင်ယာမီကိုလာဖြစ်ကြတယ်။ အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ ယှဉ်ပြိုင်ချင်ပါတယ်။ သူတို့တွေက ကမ္ဘာ့ချန်ပီယံ၊ လာလီဂါချန်ပီယံအနေနဲ့ ရောက်လာကြတာပါ။ သူတို့က ဒီနေရာမှာ ယှဉ်ပြိုင်စရာမရှိလို့ ရောက်လာကြတဲ့ ဘောလုံးသမားတွေ မဟုတ်ပါဘူး။ သူတို့တွေက ကိုယ့်ကိုယ်ကို အဲဒီလို ဇိမ်ခံနေမှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့သွေးထဲမှာ အနိုင်ရလိုစိတ်တွေ စီးဆင်းနေလို့ပါ” ဟု သုံးသပ်ပြောကြားခဲ့သည်။
မာတီနိုသည် ဘာစီလိုနာအသင်းအား ၂၀၁၃-၂၀၁၄ ရာသီတွင် ကိုင်တွယ်ခဲ့ဖူးသောကြောင့် ၎င်းတို့နှစ်ဦးနှင့် တစ်ကျော့ပြန်ဆုံတွေ့ခွင့်ရခြင်းဖြစ်ပြီး မက်ဆီနှင့်မူ အာဂျင်တီးနားလက်ရွေးစင်အသင်းတွင်လည်း ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ လက်တွဲခဲ့ဖူးသည်။