အင်တာမီလန်သို့ တရာသီ အငှားထွက်ကစားထားတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ဆော်ဒီပရိုလိဂ် ကလပ် အယ်ဟီလယ် အသင်းထံမှ တနှစ်လစာ ပေါင် ၁၆သန်းနဲ့ ကမ်းလှမ်းမှု ရထားကြောင်း သိရပါတယ် ။
လူကာကူရဲ့ အေးဂျင့်နဲ့ အယ်ဟီလယ် တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ မနေ့က ပဲရစ်မှာ အပြောင်းအရွှေ့ ကိစ္စ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပြီးနောက် ၊ အခုလို ကမ်းလှမ်းမှု ရထားကြောင်း သတင်းတွေ ထွက်လာပါတယ် ။
သို့ပေမယ့် လူကာကူကိုယ်တိုင်ကတော့ ဒီလစာပမာဏထက် ပိုပြီးမြင့်မားတဲ့ ကမ်းလှမ်းမှုမျိုး ထပ်ရမှသာ ဆော်ဒီသို့ ပြောင်းရွှေ့ဖို့ စဉ်းစားမှာ ဖြစ်ပါတယ် ။ အသက် ၃၀နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယင်းဘယ်လ်ဂျီယမ်လက်ရွေးစင်ဟာ ချဲလ်ဆီးမှာ တနှစ် ပေါင် ၁၁သန်း အထိ လစာ ရလျက်ရှိပါတယ် ။

ဆော်ဒီမှ ကမ်းလှမ်းမှု ရထားသည့်တိုင် လူကာကူဟာ ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ ဆက်လက် ကစားလိုတာကြောင့် သူ နေရတာ ပျော်ရွှင်နေတဲ့ အင်တာနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးမှုနွေ လုပ်ဖို့ ရှိနေသလို ၊ ချဲလ်ဆီးကတော့ အင်တာဖက်ကရော အယ်ဟီလယ်ဖက်က ကမ်းလှမ်းမှုတွေပါ လက်ခံစဉ်းစားသွားမှာ ဖြစ်ပါတယ် ။
ချဲလ်ဆီး နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုကတော့ လူကာကူနဲ့ လက်တွဲ အလုပ်လုပ်ဖို့ ဆန္ဒ ရှိကြောင်း အင်္ဂလိပ် မီဒီယာတွေက ဖော်ပြဖူးပေမယ့် ၊ သူ ကိုယ်တိုင်ကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျက ထွက်ခွာလိုနေပါတယ် ။ ပြောင်းရွှေ့ကြေး အနေနဲ့ ချဲလ်ဆီးဟာ အယ်ဟီလယ်ထံမှ တရားဝင် ချဉ်းကပ်မှု စတင် ရရှိပါက ယူရိုသန်း ၅၀နဲ့ အထက် တောင်းဆိုသွားဖွယ် ရှိတယ်လို့ သိရပါတယ် ။

ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုနှံမှု ဖောင်ဒေးရှင်းမှ ထောက်ခံမှု အပြည့်အဝ ရထားတဲ့ အယ်လ်ဟီလယ်ဟာ လူကာကူကို ခေါ်ပြီး သူတို့ရဲ့ အကြီးကျယ်ဆုံး စတား အဖြစ် သတ်မှတ်ပေးလိုနေပါတယ် ။ ဒါ့အပြင် ယင်းဆော်ဒီကလပ်ဟာ အခြား ချဲလ်ဆီး စတား တဦး ဖြစ်တဲ့ ပီယာအမ်းမရစ် အူဘားမီးယန်းကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ် ။
တဖက်မှာတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ထပ်မချုပ်တော့ဖို့ ကြေညာခဲ့ပြီးနောက် အသက် ၂၄နှစ် အရွယ်ရှိ ပြင်သစ်စူပါစတား ကီလီယန် အမ်ဘတ်ပေဟာ အင်အားကြီး ကလပ်တွေထံမှ ဆွဲဆောင်မှု တမဟုတ်ချင်း ရဖို့ ဖိတ်ခေါ်လိုက်နိုင်ပြီး ၊ ပီအက်စ်ဂျီတို့ အနေနဲ့ ၄င်းကို လာမယ့် စျေးကွက် ၂ခု အတွင်း ထုတ်မရောင်းရင် အလွတ်နဲ့ လက်လွှတ်ရမယ့်ကိန်း ဆိုက်နေပါတယ် ။

သို့ပေမယ့် ပီအက်စ်ဂျီဖက်ကတော့ ဒီအဖြစ်မျိုး ဖြစ်ခံမှာ မဟုတ်ပဲ ၊ အမ်ဘတ်ပေကို စာချုပ်သစ် ချုပ်နိုင်ဖို့ မရမက စည်းရုံးမှာ ဖြစ်ပြီး ၊ အလုပ်မဖြစ်ပါက ဒီနွေတတွင်းမှာပဲ ယင်းပြင်သစ်လက်ရွေးစင်ကို ထုတ်ရောင်းမှာ ဖြစ်ပါတယ် ။ ဒီသတင်း ထွက်လာပြီးနောက် အမ်ဘတ်ပေဟာ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး ၊ ချဲလ်ဆီးတို့လို ငွေကြေး တတ်နိုင်တဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ အသံတွေ ထွက်လာပါတယ် ။
CBS Sports ဂျာနယ်လစ် ဘန်ဂျေကော့ဘ်ရဲ့ အဆိုအရတော့ ချဲလ်ဆီးဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းကို လိုက်နာမှာ ဖြစ်လို့ အမ်ဘတ်ပေကို ခေါ်မှာ မဟုတ်ကြောင်း သိရပြီး ၊ The Times ကတော့ ချဲလ်ဆီးဟာ အမ်ဘတ်ပေကို ခေါ်ချင်တဲ့ အသင်းတွေထဲ ပါဝင်နေပေမယ့် ၊ တခြား အသင်းတွေနဲ့တော့ စျေးပြိုင်ခေါ်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ် ။