မန်ချက်စတာစီးတီးဟာ မနေ့ညက အစ္စတန်ဘူမှာ ရိုဒရီရဲ့ တစ်လုံးတည်းသော ဂိုးနဲ့အတူ အင်တာမီလန် အသင်းကို အနိုင်ယူကာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ်ဖလား နဲ့ တစ်ရာသီအတွင်း ဖလား ၃ လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလို ခမ်းနားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီးတဲ့နောက်မှာ ပက်ဂွာဒီယိုလာက သူ့အနေနဲ့ စိတ်သက်သာရာ ရမိတယ်လို့ ဆိုလိုက်ပါတယ်။
ဒါဟာ ပက်ရဲ့ နည်းပြသက်တမ်းမှာ တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၁ က ဘာစီလိုနာနဲ့ အတူ ဒီဖလားကိုင်မြှောက်ပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်လည် ရရှိခဲ့တာပါ။ ပက်ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဘာစီလိုနာနဲ့ အတူ တစ်ရာသီအတွင်း ဖလား ၃ လုံး ဆွတ်ခူးခဲ့ဖူးတာကြောင့် ဒါဟာ ဒုတိယအကြိမ်မြောက် treble ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ခံစားချက်ကို မေးမြန်းရာမှာ ပက်က “ပင်ပန်းတယ်။ တည်တည်ငြိမ်ငြိမ် ဖြစ်နေပါတယ်။ ကျေနပ်နေပါတယ်။ ဒီဖလားကို ရဖို့ဟာ အတော်လေးကို ခက်ခဲတာပါ။ အင်တာဟာ တကယ့်ကို ကောင်းပါတယ်။ စိတ်ရှည်ရှည် ကစားဖို့ ကျနော် half-time မှာ ပြောခဲ့ပါတယ်။ ကံကောင်းဖို့လည်း လိုအပ်ပါတယ်။ သူတို့ သရေကျသွားနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ coin လိုပါပဲ။ ယုံကြည်မှု ရှိနေဖို့ လိုအပ်ပါတယ်။ ဒါဟာ ကျနော်တို့နဲ့ပဲ သက်ဆိုင်ပါတယ်။
ကျနော်တို့ ကိုယ့်ရဲ့ အကောင်းဆုံး level မှာ မရှိခဲ့ပါဘူး။ ကမ္ဘာ့ဖလား အပြီးမှာ အသင်းဟာ တိုးတက်လာခဲ့ပြီး ဒီလို အခြေအနေကို ရောက်လာခဲ့တာပါ။ ဖိုင်နယ်မှာ ကျနော်တို့ အကောင်းဆုံး ကစားပုံကို မပြသနိုင်ခဲ့ပါဘူး။ လာမည့်ရာသီအကြောင်းကို စဉ်းစားဖို့ ကျနော့်မှာ စွမ်းအင်မရှိသေးပါဘူး။ ဒါဟာ မဖြစ်နိ်ုင်ပါဘူး။ ကျနော်တို့ ခဏ break လုပ်ဖို့ လိုပါတယ်။ တကယ်ရှည်လျားတဲ့ ရာသီပါ။

ကျနော်တို့ ကစားသမားတွေဟာ အခု နိုင်ငံတကာပွဲတွေ သွားကစားရမှာပါ။ UEFA နဲ့ FIFA တို့ ဒါကို စဉ်းစားဖို့လိုပါတယ်။ လိဂ်ပြိုင်ပွဲပြီးတာတောင် မကြာသေးပါဘူး။ သူတို့ ပြန်ကစားရတော့မှာပါ။ ဒါဟာ တအား များပါတယ်။ ကျနော်တို့ လာမည့်ရာသီ ဇီးရိုးကနေ စတင်သွားရမှာပါ။ ကျနော်တို့ ဟိုတယ်မှာ မိသားစု သူငယ်ချင်းတွေနဲ့ အောင်ပွဲခံသွားမှာပါ။ တနင်္လာနေ့ မန်ချက်စတာမှာ parade ရှိပါတယ်။ ဒီပြိုင်ပွဲ ၊ treble ရဖို့ဟာ တအားကို ခက်ခဲပါတယ်။” လို့ ဆိုလိုက်ပါတယ်။