ဆော်ဒီကလပ် အယ်လ်နာဆာအသင်း ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက နှစ်နှစ်၊ သုံးနှစ်အကြာတွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ပြီး အသင်းပိုင်ရှင်တစ်ဦးဖြစ်လာရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မက်ဒရစ်မြို့၌ပြုလုပ်သည့် ရေသန့်ဘူးလုပ်ငန်းအသစ် မိတ်ဆက်ပွဲအခမ်းအနားတွင် စီရော်နယ်လ်ဒိုက အနာဂတ်အစီအစဉ်နှင့် ပတ်သက်၍ သတင်းထောက်များအား ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် အယ်လ်နာဆာအသင်း၏စာချုပ်မှာ ၂၀၂၅ ခုနှစ် ဇွန်လအထိ ချုပ်ဆိုထားပြီး ၎င်းက အများဆုံး နှစ်နှစ်၊ သုံးနှစ်အထိသာ ဆက်ကစားတော့မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကလပ်အသင်း ပိုင်ရှင်တစ်ဦးဖြစ်လာဖို့ ကျွန်တော်မငြင်းပါဘူး။ အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်မှာ ကျွန်တော်စဉ်းစားခဲ့ဖူးတဲ့ အရာပါ။ ကျွန်တော့်အနေနဲ့ ဘောလုံးအသင်းတစ်သင်းရဲ့ပိုင်ရှင် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝက အဆုံးသတ်ချိန် ရောက်နေပါပြီ။ အများဆုံးနှစ်နှစ် ဒါမှမဟုတ် သုံးနှစ်လောက်ပဲ ကျန်ပါတော့တယ်” ဟု စီရော်နယ်လ်ဒိုက ဆိုသည်။

စီရော်နယ်လ်ဒိုသည် ၂၀၂၂-၂၀၂၃ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း အကောင်းဆုံးအသင်းတွင် မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းသည် ဇန်နဝါရီတွင် အယ်လ်နာဆာအသင်းသို့ ရောက်ရှိလာပြီး လိဂ်ပြိုင်ပွဲ၌ ၁၆ ပွဲကစား ၁၄ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အကောင်းဆုံးအသင်း၏ တိုက်စစ်မှူးနေရာတွင် အီဂါလို (အယ်လ်ဟီလာ) သာ ရွေးချယ်ခံခဲ့ရသည်။