ယနေ့ညမှာတော့ ၁၄၂ ကြိမ်မြောက် အက်ဖ်အေဖလား ဖိုင်နယ်ကို ကစားသွားရမှာ ဖြစ်ပြီး ၀င်ဘာလေဖိုင်နယ်မှာ မန်ချက်စတာမြို့ခံ ပြိုင်ဘက် ၂ သင်းရဲ့ ဒါဘီပွဲစဉ်ကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ BBC ရဲ့ Football Expert ဖြစ်သူ ခရစ်ဆက်တန်က အဆိုပါ ပွဲစဉ်ကို ခန့်မှန်း သုံးသပ်ပေးသွားခဲ့ပါတယ်။
ဆက်တန်က “မန်ယူနိုက်တက်ဟာ ရာသီကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ မန်စီးတီးကို တစ်ရာသီ အတွင်း ဖလား ၃ လုံး မဆွတ်ခူးနိုင်အောင် တားဆီးသွားရန် ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဘယ်သူက ကစားသမားကောင်း ပိုရှိသလဲဆိုတာက အဆုံးအဖြတ် ပေးသွားမှာပါ။
ပက်ဂွာဒီယိုလာဟာ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် အကြောင်းကို တွေးနေမှာ မဟုတ်ဘဲ ဒီပွဲစဉ်ကို တက်နိုင်သမျှ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုပြီး ရင်ဆိုင်ကစားသွားမှာပါ။ အင်ပြည့်အားပြည့် လူထုတ်သုံးသွားမယ့် စီးတီးဟာ ပိုမို ကောင်းမွန်တဲ့ အသင်း ဖြစ်ပါတယ်။ စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ရှုံးခဲ့ပါတယ်။ စီးတီး အရန်အသင်း ရှုံးခဲ့တယ်လို့ ပြောရင် ပိုမှန်မှာပါ။

သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို စောစောစီးစီး ဆွတ်ခူးနိုင်ပြီးနောက် အဓိက ကစားသမားတွေကို ကောင်းကောင်း အနားပေးနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ အတွက် တကယ့်ကို အရေးကြီးလှပါတယ်။ ကျနော်တို့ သိတဲ့ အတိုင်းပဲ ဂွာဒီယိုလာရဲ့ အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ လွှမ်းမိုး ကစားပါလ်ိမ့်မယ်။ ယူနိုက်တက် အနေနဲ့ ခံစစ်ကို တကယ် တောင့်တင်းအောင် ကစားသွားရမှာပါ။ ကျနော် ကတော့ သူတို့ စီးတီးကို တစ်ပွဲလုံး ထိန်းထားနိုင်မယ်လို့ မမြင်မိပါဘူး။

ယူနိုက်တက်တို့ စီးတီးကို အနိုင်ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက တန်ပြန်တိုက်စစ်ပါ။ သူတို့မှာ ရပ်ဖို့ဒ်လို တအားမြန်တဲ့ ကစားသမား အပြင် ဂါနာချို ကလည်း မြန်လှပါတယ်။ အန်တိုနီ ကြံု့ခိုင်မှု မပြည့်ဘူးဆိုရင်တောင် သူတို့ရဲ့ တိုက်စစ်မှာ မြန်နှုန်းမြင့် ကစားသမားတွေ ရှိနေပါတယ်။ ဒါဟာ ယူနိုက်တက်ရဲ့ အဓိက လက်နက် ဖြစ်မှာပါ။ ဒါပေမယ့် စီးတီးတို့ ဒါကို ကောင်းကောင်း ဖြေရှင်းကာ ယူနိုက်တက်ကို ဂိုးပြတ်နိုင်သွားမယ်လို့ ကျနော်ထင်ပါတယ်။”