လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ယခုရာသီတွင် အဆင့် (၅)နေရာဖြင့် ရာသီသိမ်းခဲ့ပြီးနောက် လာမည့်ရာသီများတွင် လီဗာပူးလ်အသင်းသည် ချန်ပီယံလောင်း အသင်းတစ်သင်းအဖြစ် ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အဆင့် (၅)နေရာသာ ရရှိခဲ့သဖြင့် ကလော့ပ် ရောက်ရှိလာပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ပြင်ပသို့ ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ရာသီတစ်လျှောက်လုံး ရလဒ်တိမ်းစောင်းမှုများရှိခဲ့သဖြင့် ရာသီပိတ် (၁၁)ပွဲဆက်တိုက်ကို ရှုံးပွဲမရှိ ကစားနိုင်ခဲ့သော်လည်း အဆင့် (၅)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆောက်သမ်တန်အသင်းကို (၄-၄)ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ပွဲစဉ် (၃၈)ပွဲအပြီးတွင် ရမှတ် (၆၇)မှတ်သာ ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယာဂန်ကလော့ပ်က ”ဒီရာသီအစမှာ ကျွန်တော်တို့အသင်း ရုန်းကန်ခဲ့ရတဲ့ပုံစံက အရင်လိုပုံစံမျိုး ပြန်ရဖို့အတွက် (၄) နှစ်လောက်ကြာအောင် ပြန်တည်ဆောက်ရမယ်လို့ ခင်ဗျားတို့ ထင်ခဲ့ကြမှာပဲ။ တကယ်လို့သာ ရာသီအစက ပုံစံအတိုင်းသာ ဆက်သွားတယ်လို့ စိတ်ကူးကြည့်တဲ့အခါ ဒီလို သုံးသပ်တာတွေက မှားမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့များ အမှတ်ပေးချန်ပီယံဖလားကို နောက်တစ်ကြိမ်ထပ်ပြီး စိန်ခေါ်နိုင်မှာလဲ။ ဒါပေမဲ့ ရာသီပိတ် (၁၁)ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက ကျွန် တော်တို့အသင်းကို ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာဖို့အတွက် အကူအညီအများကြီးပေးပါတယ်။ ကျွန်တော်တို့ ဒီပုံစံကို ထိန်းထားနိုင်ရင် ဒါဟာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတစ်သင်းရဲ့ Form မျိုးကို တည်ဆောက်နိုင်တယ်လို့ ပြောနိုင်မှာဖြစ်ပြီး ဒါကို လုပ်နိုင်စွမ်းရှိနေဆဲဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီတွေမှာ လီဗာပူးလ်အသင်းကို ချန်ပီယံဖလား စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းအဖြစ် ခင်ဗျားတို့ ပြန်မြင်တွေ့ရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းမှ ထွက်ခွာမည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့ခြင်းကိုမူ ငြင်းဆန်ခဲ့ပြီး အသင်းနှင့် သူ့အကြားတွင် အပြန်အလှန်ယုံကြည်မှု အပြည့်ရှိနေကြောင်းနှင့် လီဗာပူးလ်အသင်းသည် သူ ကာလရှည် နည်းပြလိုသည့် အသင်းမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။