ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အီဗန်တိုနေးမှာ လောင်းကစားစွဲလမ်းသည့်ဝေဒနာ ခံစားနေရသဖြင့် ပွဲပယ်ပြစ်ဒဏ်ကို ရှစ်လအထိ လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း အင်္ဂ လန်ဘောလုံးအဖွဲ့ချုပ် (FA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား တိုနေးသည် လောင်းကစားစည်းမျဉ်းချိုးဖောက်မှု စွဲချက် ၂၃၂ ခု ကျူးလွန်ကြောင်း ဝန်ခံခဲ့သောကြောင့် ရှစ်လ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ပေါင် ၅၀၀၀၀ ပေးဆောင်ရန် FAက မေ ၁၇ ရက်တွင် ပြစ် ဒဏ်ချမှတ်ခဲ့သည်။
၎င်းအား ပြစ်ဒဏ်ချမှတ်သည့် လွတ်လပ်သောကော်မရှင်၏ ဆုံးဖြတ်ချက်အစီရင်ခံစာကို FA က ထုတ်ပြန်ခဲ့ရာ၌ ကနဦးတွင် ၁၅ လ ပွဲပယ် ပြစ်ဒဏ်ချမှတ်ရန် ရည်ရွယ်ထားသော်လည်း စွဲချက် ၂၃၂ ခု ကျူးလွန်ကြောင်း ဝန်ခံခဲ့သောကြောင့် ၁၁ လသို့ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စိတ်ရောဂါကုဆရာဝန်၏ မှတ်ချက်အရ တိုနေးအနေဖြင့် လောင်းကစားစွဲလမ်းသည့်ဝေဒနာ ခံစားနေရပြီး အကူအညီလိုအပ်နေသောကြောင့် ပြစ်ဒဏ်ကို ရှစ်လသို့ ထပ်မံလျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုနေးသည် FA နှင့် အစောပိုင်းပြုလုပ်သည့် စစ်ဆေးမေးမြန်းမှုများကို ထပ်ဖန်တလဲလဲ လိမ်ညာထွက်ဆိုခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းအနေဖြင့် စည်းမျဉ်းချိုးဖောက်ကြောင်း သိရှိသော်လည်း လောင်းကစားပြုလုပ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုနေးအနေဖြင့် အပြစ်ကျူးလွန်ကြောင်း ဝန်ခံခဲ့သည့် စွဲချက် ၂၃၂ ခုအနက် စွဲချက် ၁၆ ခုမှာ ၎င်း၏အသင်း ပွဲစဉ် ၁၅ ပွဲတွင် အနိုင်ရမည်ဟုလည်းကောင်း (အဆိုပါပွဲများအနက် ၁၁ ပွဲတွင် ပါဝင်ကစားခဲ့သည်)၊ စွဲချက် ၁၃ ခုမှာ ၎င်း၏အသင်း ရှုံး နိမ့်မည်ဟုလည်းကောင်း (တစ်ပွဲမျှ ပါဝင်ကစားခဲ့ခြင်းမရှိ) အလောင်းအစားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တိုနေးသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စကန်သော့ပ်၊ ဝီဂန်၊ ပီတာဘရော့နှင့် ဘရန့်ဖို့ဒ်အသင်းတို့၌ ပါဝင်ကစားစဉ် လောင်းကစားစည်းမျဉ်း ချိုးဖောက်ခဲ့သောကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
ပြစ်ဒဏ်ကို ချက်ချင်းကျခံရမည်ဖြစ်သောကြောင့် ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ပြန်လည်ကစားခွင့်ရမည် ဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်မှုကိုမူ စက်တင်ဘာ ၁၇ ရက်တွင် စတင်ပြုလုပ်ခွင့်ရမည်ဖြစ်သည်။
FA ၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် တိုနေးက ဖုံးကွယ်ထားခြင်းမရှိသည့် အကြောင်းအရာများကို မကြာခင် ထုတ်ဖော်ပြောကြားသွားမည်ဟု Twitter မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းကလည်း တိုနေးကို အကူအညီပေးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပွဲပယ်ခံထားရသော်လည်း ၎င်းအား စာချုပ်သက်တမ်းတိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။