လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့်မရသဖြင့် စိတ်ပျက်နေသည့် တိုက်စစ်ကစားသမား ဆာလာ၏အနာဂတ်ကို စိုးရိမ်မှုမရှိကြောင်း တုံ့ပြန်ပြောကြားသည်။
အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်သွားခဲ့ပြီးနောက် စိတ်ပျက်မိကြောင်း Twitter တွင် ရေးသားခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် ရာသီကုန်တွင် အဆင့် ၅ နေရာသာ ရပ်တည်နိုင်ခဲ့သောကြောင့် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ယခုအခြေအနေကြောင့် ဆာလာ၏ အနာဂတ်အပေါ် သက်ရောက်နိုင်ခြင်းရှိမရှိ မေးမြန်းမှုကို ယာဂန်ကလော့ပ်က ”စိတ်ပူစရာ မရှိပါဘူး။ မရှိပါဘူး။ သူပြောတာကို ကျွန်တော်ကြားရုံပဲ ကြားမိတာပါ။ ဒါပေမဲ့ အဲဒီလမ်းကြောင်းကို ဦးတည်နိုင်တဲ့ ဘာကိုမှ ကျွန်တော် ဖတ်လို့မရပါဘူး။ ကစားသမားတစ်ယောက်က ကျွန်တော့်ဆီလာပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ ထွက်တော့မယ်ဆိုပြီး ပြောလာခဲ့ရင် ကိုယ်တိုင်ကားမောင်းပြီးတော့ တခြားကလပ်ကို လိုက်ပို့မှာပါ။ သော့ကိုယူပြီးတော့ ကားထဲကိုဝင်၊ ဘယ်ကို သွားချင်တာလဲ၊ ကိုယ်တိုင်မောင်းပြီး လိုက်ပို့မယ်လို့ ပြောမှာပါ”ဟု ဖြေကြားသည်။

ဆာလာ (၃၀ နှစ်) သည် ပြီးခဲ့သည့်နှစ်နွေရာသီတွင် ၂၀၂၅ ခုနှစ်အထိ သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး တစ်ပတ်လစာ ပေါင်သုံးသိန်းခွဲအထိ ရရှိနေသည်။