ဘရိုက်တန်နှင့်ပွဲတွင် ဟာလန်းက တစ်ဂိုးသွင်းယူခဲ့သော်လည်း အဆိုပါဂိုးကို ခွင့်မပြုခဲ့ခြင်းကြောင့် ဂွာဒီယိုလာက ပြင်းထန်စွာ ဒေါသဖြစ်ပြီး ကန့်ကွက်ပြောကြားခဲ့သည်။ ထိုသို့ကန့်ကွက်ခဲ့ခြင်းကြောင့် စပိန်လူမျိုးမန်နေဂျာမှာ အဝါကတ်ပြခံခဲ့ရသည်။ မန်စီးတီးနှင့် ဘရိုက်တန်တို့ တစ်ဂိုးစီသရေကျနေချိန် ပွဲချိန် ၇၉ မိနစ်တွင် ဟာလန်းက ကိုးပါးမား၏ ဖြတ်တင်ဘောကို ဂိုးသွင်းယူလိုက်ခြင်းဖြစ်သည်။
သို့ရာတွင် ထိုဂိုးသွင်းရာ၌ ဟာလန်းသည် ဘရိုက်တန်ခံစစ်ကို ကိုးဝဲကို ဆွဲထားသည်ဟုဆိုကာ ဗီအေအာဆုံးဖြတ်ချက်ဖြင့် ပြစ်ဒဏ်ဘောဖြစ်ပြီး ဂိုးကို ပယ်ဖျက်ခဲ့သည်။ ဂွာဒီယိုလာက စိတ်ဆိုးဒေါသထွက်ကာ ကွင်းဘေးစည်းမှ အော်နေခဲ့သည်။
ဂွာဒီယိုလာက “ကြည့်လိုက်ပါဦးဗျာ။ ဟာလန်းက လှုပ်ရှားနေတာတွေ ဘာမှားလို့လဲ။ ဂိုးမရတာကို ကျွန်တော်ကန့်ကွက်လိုက်တာပါ”ဟု ပြောသည်။
မန်စီးတီးခံစစ်မှူးဟောင်း ကိုလိုတိုရေးက “ကျွန်တော့်အတွက်တော့ ပြစ်ဒဏ်ပေးလိုက်တာ မှန်ပါတယ်။ ခံစစ်မှူးတစ်ယောက်အနေနဲ့ ပြိုင်ဘက်တိုက်စစ်မှူးက အင်္ကျီကိုဆွဲထားတာခံရရင် ခုခံကစားဖို့ ခက်ခဲသွားမှာပဲ။ ဟန်ချက်ပျက်စေတယ်”ဟု ပြောဆိုသည်။
ဟာလန်းသည် ၎င်း၏ မန်စီးတီးကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီတွင် ၅၂ ဂိုး သွင်းယူထားသည်။ ဘရိုက်တန်နှင့်ပွဲတွင် မန်စီးတီးအတွက် သွင်းဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် ဖိုဒန်က သွင်းယူခဲ့သလို ပွဲချိန် ၃၈ မိနစ်တွင် ဘရိုက်တန်မှ အန်စီကိုက ချေပဂိုးကို လှပစွာ သွင်းယူခဲ့သည်။