မန်စီးတီးအသင်းသည် ယနေ့ညတွင် ချဲလ်ဆီးအသင်းနှင့် အိမ်ကွင်းအီတီဟက်တွင် ပရီးမီးယားလိဂ် ပွဲစဉ် ကစားရန်ရှိသည်။ သို့ရာတွင် အဆိုပါပွဲစဉ်မကစားရမီတွင်ပင် ယခုနှစ်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိသွားပြီဖြစ်သည်။
စနေနေ့ညက ကစားသည့်ပွဲတွင် ပရီးမီးယားလိဂ်တွင် မန်စီးတီးနှင့် အနီးကပ်ဆုံးပြိုင်ဘက် အာဆင်နယ်အသင်းသည် အဝေးကွင်းတွင် ဖောရက်စ်ကို ၁-၀ ဖြင့်ရှုံးနိမ့်သွားသဖြင့် မန်စီးတီးသည် ပရီးမီးယားလိဂ်ချန်ပီယံသရဖူကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်သည် ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် မန်စီးတီးထက် ၄ မှတ်လျော့နည်းသွားပြီး နောက်ထပ် တစ်ပွဲသာကစားရန်ကျန်တော့သဖြင့် မန်စီးတီးက ချန်ပီယံဖြစ်သွားခြင်းဖြစ်သည်။
ယခုနှစ်ဘောလုံးရာသီတွင် ဂွာဒီယိုလာ၏အသင်းသည် ရာသီတလျှောက်လုံးလိုလို အာဆင်နယ််နောက် ဒုတိယနေရာမှ လိုက်နေရသော်လည်း ပြီးခဲ့သည့်လက အိမ်ကွင်းတွင် အာဆင်နယ်ကို ၄-၁ ဖြင့်အနိုင်ရရှိ ပြီးနောက် အခြေအနေပြောင်းသွားခဲ့သည်။
မန်စီးတီးအသင်းက ပြီးခဲ့သည့်နွေရာသီတွင် ခေါ်ယူခဲ့သော နော်ဝေတိုက်စစ်မှူးဟာလန်း၏သွင်းဂိုးများ ကြောင့်လည်း အသင်းသည် ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ပို၍ အလားအလာကောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းများကသုံးသပ်ဖော်ပြသည်။ ၂၀၂၂-၂၃ ဘောလုံးရာသီတွင် အမှတ်ပေးချန်ပီယံဆု ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက်တွင် မန်စီးတီးသည် နောက်ဆုံးဘောလုံးရာသီ ၆ ခုတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၅ ကြိမ်မြောက်ဆွတ်ခူးနိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ပရိသတ်တွေက ဒီနှစ်အမှတ်ပေးချန်ပီယံဖြစ်ရေးမှာ ခြေလှမ်းတိုင်း ကျွန်တော်တို့နဲ့ အတူရှိနေပေးခဲ့ပါတယ်။ သူတို့ရဲ့အားပေးမှုသာမရခဲ့ဘူးဆိုရင် နောက်ဆုံး ၆ ရာသီမှာ မန်စီးတီးရခဲ့တဲ့ အောင်မြင်မှုတွေကို ဘယ်လိုမှ ရလာစရာ အကြောင်းမရှိပါဘူး။ သူတို့ရဲ့ စွဲလန်းအားပေးမှုက အရမ်းကို အရေးပါပြီးကျွန်တော်တို့အားလုံးကို စိတ်ဓာတ်တက်ကြွလာစေပါတယ်။ အခုလို ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူပေးလိုက်နိုင်တာက ဒီလိုအားပေးတဲ့ပရိသတ်တွေအတွက် အကောင်းဆုံးတုံ့ပြန်မှုပေးနိုင်တာဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်”ဟု ဂွာဒီယိုလာက ပြောဆိုလိုက်သည်။