ဘုမ်းမောက်နှင့်ပွဲအပြီးတွင် မန်ယူအသင်းသားများသည် ပွဲတစ်ပွဲကို အနိုင်သေချာအောင်လုပ်နိုင်စွမ်း အားနည်းနေသေးကြောင်း တန်းဟက်က ပြောဆိုလိုက်သည်။ မန်ယူသည် ဘုမ်းမောက်နှင့် ကစားရသည့် အဝေးကွင်းပွဲစဉ်တွင် ၁-၀ ဖြင့်အနိုင်ရရှိခဲ့သည်။
ပထမပိုင်း ၉ မိနစ်တွင်ကွင်းလယ်လူ ကာဆီမီရို၏ လှပသော ဂိုးသွင်းမှုဖြင့် တစ်ဂိုးရရှိသော်လည်း နောက်ပိုင်းတွင်း ဂိုးထပ်မံမရဖြစ်ခဲ့သည်။ မန်ယူသည် ဘုမ်းမောက်ကို ကစားကွက်အသာဖြင့် ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးမရဖြစ်ခဲ့ခြင်းကို တန်းဟက်က ဝေဖန်ပြောဆိုလိုက်သည်။
မန်ယူက နောက်ထပ်တစ်ဂိုးထပ်မသွင်းနိုင်ခြင်းကြောင့် ဘုမ်းမောက်သည် ပွဲချိန်နောက်ပိုင်းတွင် ကစားရှိန်တက်လာခဲ့ပြီး မန်ယူသည် ချေပဂိုးပေးရမတတ်ဖြစ်ခဲ့ရသည်။ ဘုမ်းမောက်နှင့်ပွဲသည် မန်ယူအတွက် အဆင့် ၄ အတွင်းဝင်ရေးတွင် အရေးကြီးသော ပွဲစဉ်တစ်ခုဖြစ်သည်။
မန်ယူသည် လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၅၂ ဂိုးသာရရှိထားပြီး ထိပ်ဆုံး ၆ သင်းတွင် သွင်းဂိုးအနည်းဆုံးအသင်းအဖြစ်ရပ်တည်နေသည်။ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီး သည် လိဂ်သွင်းဂိုး ၉၂ ဂိုးအထိသွင်းထားပြီး ယခုနှစ်ဘောလုံးရာသီတွင် လိဂ်သွင်းဂိုးအများဆုံးအသင်းဖြစ်သည်။
“မန်ယူကို ဝေဖန်ရမှာကတော့ ဒုတိယဂိုးမသွင်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ မန်ယူက ပွဲတစ်ပွဲမှာ ပြိုင်ဘက်အသင်းကို အနိုင်နဲ့ပိုင်းနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိမန်ယူအသင်းက အဆုံးသတ်ပိုင်းမှာ လိုအပ်နေပါသေးတယ်” ဟု တန်းဟက်က ဘုမ်းမောက်ကို အနိုင်ရသော ပွဲအပြီးတွင် ဝေဖန်လိုက်သည်။