မနေ့ညက ကစားခဲ့တဲ့ ရောမမြို့ ၊ အိုလံပီကိုကွင်းမှ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အိမ်ရှင် ရိုးမားဟာ လေဗာကူဆင်ကို အကယ်ဒမီထွက် လူငယ် ကွင်းလယ်လူ အက်ဒိုဝါဒို ဘိုဗေးရဲ့ တလုံးတည်းသော rebound သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ် ။
ဒီပွဲမှာ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ တန်ပြန်တိုက်စစ်ကိုသာ အားပြုခဲ့ပြီး ၊ လေဗာကူဆင်ရဲ့ အမှားတွေကို ချောင်းမြောင်းကစားရင်း အဝေးဘောတွေနဲ့ ရှေ့က အထောင်တိုက်စစ်မှူး ၂ဦးကနေ ဂိုးတွေ ရဖို့ ကြိုးစားခဲ့ပါတယ် ။
တလုံးတည်းသော အနိုင်ဂိုးဟာလည်း တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ ကန်ချက်ကို လေဗာကူဆင် ဂိုးသမား ဟရာဒက်ကီ ပုတ်ထုတ်လို့ ပြန်လျှံကျလာရာကနေ ဘိုဗေးက အဆုံးသတ် သွင်းယူခဲ့တာ ဖြစ်ပါတယ် ။ ပွဲပြီး Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက အဖိုးတန် အိမ်ကွင်း နိုင်ပွဲ အတွက် အသင်းသားတိုင်းကို ချီးကျူးသွားပါတယ် ။
မော်ရင်ဟို က ” ဒီနိုင်ပွဲ အတွက် အသင်းသား အားလုံးကို ချီးကျူးရမှာပါ ။ သူတို့ဟာ ခံယူချက် ၊ အောင်မြင်မှု အတွက် ပြင်းပြတဲ့စိတ် ၊ ပရိသတ်တွေနဲ့ အတူ တသားတည်းရှိခြင်း ၊ အရာရာ ပေးဆပ်လိုတဲ့ တာဝန်သိတတ်မှုတွေ ရှိကြပြီး ၊ ပရိသတ်တွေ ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ် ။ ”
” ကျွန်တော်တို့ဟာ ဒီနေ့မှာ ကြီးကျယ်တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီနေ့မှာ ထရီဂိုးရီးယားကနေ ဘောလုံးကွင်းဆီ သွားရတာ ၊ ပရိသတ်တွေကို မြင်တွေ့ရတာ ၊ သူတို့ ကျွန်တော်တို့ အတွက် အားပေးခဲ့တာတွေ ၊ ကျွန်တော့လို ဒီအတွေ့အကြုံမျိုး အများကြီး ရထားဖူးတဲ့ လူတယောက် အတွက်တောင် ဒါတွေက ရင်ထဲကြည်နူးစေပါတယ် ။ ”
” ဒီနေ့ပွဲက မလွယ်ကူခဲ့ပါဘူး ။ နည်းစနစ်ပိုင်းအရ အရမ်းကို ခက်ခဲခဲ့တဲ့ ပွဲတပွဲ ဖြစ်ပါတယ် ။ လေဗာကူဆင်နဲ့ ရင်ဆိုင်ရတာ ခက်ခဲပါတယ် ။ အထူးသဖြင့် မိနစ် ၉၀ အပြည့် အာရုံစိုက်ရင်း အနိုင်ယူဖို့ ၊ တချိန်တည်းမှာ ဘောလုံး ဆုံးရှုံးတာနဲ့ တန်ပြန်တိုက်စစ်ကနေ အလူးအလဲ ခံရနိုင်တဲ့အကြောင်း တွေးရင်းနဲ့ပေါ့ ။ အသင်းသားတွေ အားလုံးဟာ ပထမအကျော့ကို အနိုင်ရဖို့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဒါ့အပြင် မော်ရင်ဟို က အသက် ၂၁နှစ် အရွယ်သာ ရှိသေးပြီး သူ့ရဲ့ ပထမဆုံး ဥရောပ သွင်းဂိုး ရခဲ့တဲ့ ဘိုဗေးနဲ့ ပတ်သက်ပြီး ” အက်ဒိုရဲ့ မိဘတွေဟာ ဒီအတွက် ချီးကျူးခံရဖို့ ထိုက်တန်ပါတယ် ။ သူဟာ သိပ်ကို ယဉ်ကျေးလိမ္မာပြီး ၊ အကယ်ဒမီ အဆင့်အရ ထက်မြက်သလို ၊ ပရော်ဖက်ရှင်နယ် ရှုထောင့်အရ သူဟာ အသက် ၃၀ အရွယ် ကစားသမား တယောက်လို ပြုမူနေတာပါ ။ ”
” ပြီးခဲ့တဲ့ ဘောလုံးရာသီက သူဟာ ပွဲပြီးခါနီး ၅မိနစ်လောက် လူစားဝင်ရတာတွေ ရှိခဲ့ပေမယ့် ၊ ဒီနှစ် ဘောလုံးရာသီမှာတော့ သူဟာ ပွဲအချို့မှာ ပွဲထွက် ကစားနေပြီး ၊ ပွဲချိန်အတွင်း စိတ်ခံစားချက် ထိန်းချုပ်ရာမှာလည်း တိုးတက်မှု ရှိလာပါတယ် ။ ”
” ကစားသမားတွေ တိုးတက်လာအောင် ကူညီပေးရတာက ကျွန်တော့ အလုပ်ပါ ။ ဒါပေမယ့် လူပုဂ္ဂိုလ်ကောင်း တဦး ဖြစ်နေခြင်းဟာ သူ့နောက်ကွယ်မှာ အံ့သြဖွယ်ကောင်းတဲ့ မိသားစု ရှိနေတယ် ဆိုတာ ကျွန်တော် သိထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ရိုးမားဟာ ဒီပွဲမတိုင်မီ အဓိက ကစားသမား အချို့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေ ရှိခဲ့ရာ ၊ အားထားရတဲ့ နောက်ချန်တိုက်စစ်မှူး ပေါ်လို ဒီဘားလားနဲ့ ကွင်းလယ်လူ ဂျီနီ ဝိုင်နယ်ဒန်တို့ ကြံ့ခိုင်မှု မပြည့်လို့ ဒုတိယပိုင်း ပြီးခါနီး ၁၀မိနစ် ဝန်းကျင်သာ လူစားလဲ ပါဝင်ခွင့် ရခဲ့ပါတယ် ။ နောက်အပတ် ဒုတိယအကျော့မှာတော့ ဒီကစားသမား ၂ဦး ပိုမို ကစားနိုင်ဖို့ မျှော်လင့်ကြောင်း မော်ရင်ဟိုက အခုလိုပဲ ဖွင့်ဟလာပါတယ် ။
မော်ရင်ဟို က ” ဒါက ကျွန်တော့ အတွက်ရော ၊ အသင်းသားတိုင်း အတွက်ပါ ခက်ခဲပါတယ် ။ ကစားသမားတွေ ထပ်နာမှာကို စိုးရိမ်တာ ၊ သူတို့ကို ရွေးချယ်စရာ option တခု အနေနဲ့ သုံးနေရတာကိုပေါ့ ။ ဒါက တကယ်ကို ခက်ခဲပါတယ် ။ ကံကောင်းစွာနဲ့ သူတို့ မိနစ် အနည်းငယ်စီ ကစားနိုင်ခဲ့ကြပါတယ် ။ ”
” နောက်ဆက်တွဲ ဒဏ်ရာ အနှောင့်အယှက်တွေသာ မရှိဘူးဆိုရင် လာမယ့် အပတ် ကြာသပတေးနေ့မှာ သူတို့ ဒီထက် ပိုများတဲ့ မိနစ် အရေအတွက် ရနိုင်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။