ဝက်စ်ဟမ်းအသင်းသည် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ဖြင့်ကမ်းလှမ်းလာပါက လက်ခံသွားဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ရေးသားဖော်ပြသည်။ အသက် ၂၄ နှစ်အရွယ်ရှိ ရိုက်စ်သည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကတည်းက အသင်းပြောင်းမည်ဟု သတင်းထွက်ပေါ်နေသော်လည်း လန်ဒန်အခြေစိုက်အသင်းတွင် တစ်ရာသီဆက်ကစားရန် သဘောတူညီခဲ့သည်။ သို့ရာတွင် ရိုက်စ်သည် လာမည့်ရာသီတွင် ဝက်စ်ဟမ်း၌ ဆက်ရှိနေတော့မည်မဟုတ်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။
ရိုက်စ်သည် ဝက်စ်ဟမ်းနှင့် ၂၀၂၄ အထိစာချုပ်သက်တမ်းရှိနေပြီး ဝက်စ်ဟမ်းအသင်းဘက်က အလိုအလျောက် တစ်နှစ် စာချုပ်သက်တမ်းတိုးရန် အခွင့်အရေးရှိနေသည်။ ရိုက်စ်သည် ဆုဖလားများရယူရေးအတွက် အသင်းကြီးများသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းကြောင့်လာမည့် နွေရာသီတွင် လန်ဒန်အခြေစိုက်အသင်းက ၎င်းကို အသင်းပြောင်းရွှေ့ခွင့်ပေးဖွယ်ရှိနေသည်။
ရိုက်စ်သည် ချန်ပီယံလိဂ်တွင် ပါဝင်ကစားလိုနေပြီး ဝက်စ်ဟမ်း၏ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်သည် ၎င်းကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြသည့် ချဲလ်ဆီး မန်ယူ လီဗာပူးတို့ကလည်း ခေါ်ယူလိုသည်။ ရိုက်စ်အသင်းမှ ထွက်ခွာခြင်းသည် မလွဲမသွေဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ဝက်စ်ဟမ်းက ယူဆနေပြီး ၎င်းအတွက် မှန်ကန်သည့် ကမ်းလှမ်းမှုမျိုး လက်ခံရရှိလျှင် လက်ခံစဉ်းစားသွားဖွယ်ရှိနေသည်။
ဝက်စ်ဟမ်းအသင်းမန်နေဂျာမိုယက်စ်က ရိုက်စ်၏ ပြောင်းရွှေ့ကြေးသည် အဆမတန်မြင့်မားမည်ဟု ထုတ်ဖော်ပြောဆိုထားပြီး အဆိုပါပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၁၀၀ ကျော်ဖြစ်ဖွယ်ရှိနေသည်။