ဂန်းနားတို့ကတော့ ပြီးခဲ့တဲ့ ရာသီမှာ သူတို့ ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကို ဖျက်ဆီး ခဲ့တဲ့ နယူးကာဆယ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ယူပြီး ပြန်လည် လက်စားချေ နိုင်ခဲ့ပါပြီ ။ အာဆင်နယ် အသင်းဟာ နယူးကာဆယ် နဲ့ ပွဲမှာ မရတာကြာပြီ ဖြစ်တဲ့ Clean-Sheet ကိုပါ ရယူပြီး ချန်ပီယံ အိပ်မက်ကို ဆက်လက် အသက်သွင်း နိုင်ခဲ့ပါတယ် ။
အာဆင်နယ် အသင်း အတွက် ဂိုးတွေကတော့ အော်ဒီဂတ် ရဲ့ အဝေးကန်ချက် ၊ မာတင်နယ်လီ ရဲ့ထိုးဖောက်မှုကို ဖေဘီယန် ရှား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရရှိခဲ့တာ ဖြစ်ပါတယ် ။ နယူးကာဆယ် ၀-၂ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကတော့
၁ ။ ပရီးမီးယားလိဂ် စံချိန်ကို လိုက်မှီ သွားခဲ့တဲ့ အော်ဒီဂတ်
နယူးကာဆယ်နဲ့ ပွဲမှာ ကိုက် ၂၀ အကွာအဝေး ကနေ အာဆင်နယ် အသင်း ရဲ့ ဦးဆောင်ဂိုးကို လှလှပပ ကန်သွင်းယူခဲ့တဲ့ ဂန်းနား ကပ္ပတိန်ဟာ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုး အထိ ရှိ လာခဲ့ပါပြီ ။ ဒါဟာ အရင်တုန်းက မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနား သွင်းဂိုး ၁၅ ဂိုးနဲ့ တင်ရှိထားတဲ့ တစ်ရာသီအတွင်း သွင်းဂိုး အများဆုံး ကွင်းလယ် ကစားသမား (ပင်နယ်တီမပါ) ဆိုတဲ့ စံချိန်ကို လိုက်မှီ သွားခဲ့တာပါ ။ ရာသီကုန်ဖို့ ၃ ပွဲ ကျန်နေသေးတာကြောင့် အော်ဒီဂတ် တစ်ယောက် ဒီဘရိုင်းနား ရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့် အလားအလာလည်း ရှိနေပါတယ် ။
၂ ။ Player of the Match ဆုရှင် ဂျော်ကြီး
အာတီတာ ဟာ ချဲလ်ဆီး နဲ့ ပွဲကစပြီး ကွင်းလယ် အထိုင်ကို အပြောင်းအလဲ လုပ်ခဲ့ကာ ပါတေး အစား ဂျော်ဂျင်ဟို ကို ပွဲထွက် အသုံးပြု ခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ပွဲထွက် ကစားထွက်ချိန်ကစပြီး ဂန်းနားတို့ဟာ နိုင်ပွဲတွေ ပြန်လည် ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ဂျော်ဂျင်ဟို ဟာ အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်ကို အေးဆေး တည်ငြိမ်မှု အပြည့်နဲ့ အကောင်းဆုံး ထိန်းကျောင်း မောင်းနှင် နေပြီး နယူး နဲ့ ပွဲမှာလည်း အကောင်းဆုံး မှတ်တမ်းတွေ နဲ့အတူ အကောင်းဆုံး ကစားသမားဆု ရသွားခဲ့ပါတယ် ။
၃ ။ အသိအမှတ်ပြုရမယ့် ခီဝီယော ရဲ့ စွမ်းဆောင်ရည်
ဆလီဘာ ဒဏ်ရာ ရနေချိန်မှာ အာတီတာ ဟာ ဟိုးလ်ဒင်း ကို နောက်ခံလူ အဖြစ် တောက်လျောက် ပွဲထွက် ကစားစေခဲ့ပါတယ် ။ ဒါပေမယ့် ဟိုးလ်ဒင်း နဲ့ ဘယ်လိုမှ အဆင်မပြေတာကြောင့် အာတီတာ ဟာ ခီဝီယော ကို ပြောင်းလဲ အသုံးပြု ခဲ့ရပါတယ် ၊ ခီဝီယော ရဲ့ ဖိအားတွေအောက် ဘောလုံး ကောင်းကောင်း ကိုင်ကစား နိုင်မှုကြောင့် အာဆင်နယ် ကစားပုံဟာ ဟိုးလ်ဒင်း နဲ့ တုန်းကထက် ပိုမို အဆင်ပြေ လာခဲ့ပြီး နိုင်ပွဲတွေ ပြန်ရလာခဲ့တာ ဖြစ်ပါတယ် ။
၄ ။ ရန်ပွဲတွေ နဲ့ အတူ အကြိတ်အနယ် ရှိခဲ့တဲ့ပွဲ
အာဆင်နယ် နှင့် နယူးကာဆယ် ပွဲတွေဟာ နောက်ပိုင်းပွဲတွေမှာ တောက်လျှောက် အကြိတ်အနယ် ရှိနေခဲ့ပြီး ပွဲတိုင်းလိုလို အချင်းများမှုတွေ ကတောက်ကဆ ဖြစ်မှုတွေကို မြင်တွေ့ နေရပါတယ် ။ ဒီတစ်ပတ် ပွဲမှာလည်း ရှာကာ ၊ ဂျေးဇု တို့နှင့် ထရစ်ပီယာ ၊ဂျိုလင်တန် တို့ စကားများ ရန်ဖြစ်ခဲ့ကြသလို ကွင်းဘေးစည်းမှာလည်း နည်းပြ အာတီတာ နှင့် အက်ဒီဟောင်း ရဲ့ လက်ထောက် နည်းပြ တင်ဒယ် တို့ တစ်ယောက် နဲ့ တစ်ယောက် အော်ဟစ် ပြောဆို ခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ် ။
၅ ။ အီဆက် နှင့် ဝီလ်ဆင် ကို အတူ ပွဲထုတ်ခဲ့တဲ့ အက်ဒီဟောင်း
နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ဟာ ဒီရာသီ မှာ ပထမဆုံးအကြိမ် အဖြစ် အီဆက် နှင့် ဝီလ်ဆင် တို့ နှစ်ဦးစလုံးကို ပွဲထွက် အသုံးပြု ခဲ့ပါတယ် ။ ဒီရာသီ နှစ်ဦးပေါင်း သွင်းဂိုး ၂၅ ဂိုး အထိ သွင်းထားတဲ့ အီဆက် နှင့် ဝီလ်ဆင်တို့ဟာ အာဆင်နယ် နောက်တန်းကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုးတွေတော့ သွင်းနိုင် ခဲ့ခြင်း မရှိပါဘူး ။