စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာရန်နီးစပ်နေသည့် အင်္ဂလန်လူငယ်တောင်ပံကစားသမား ဂရင်းဝုဒ် (၂၁ နှစ်)အားခေါ်ယူရန် စီစဉ်နေပြီး ယင်းအပြောင်းအရွှေ့အတွက် မန်ယူအသင်းတွင်ကစားခဲ့ဖူးသည့် အသင်း၏ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက အဓိကကူညီမည်ဖြစ်ကြောင်းသိရသည်။
ဂရင်းဝုဒ်သည် ပုဂ္ဂိုလ်ရေးပြဿနာကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကတည်းက မန်ယူအသင်းလူစာရင်းမှ ထုတ်ပယ်ခံထားရသူဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းတွင်ပြန်လည်ပါဝင်ခွင့်မရရှိသည့်အတွက် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန်စီစဉ်နေခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်ကွင်းလယ်လူပေါ့ဘာသည် မန်ယူအသင်းတွင် ဂရင်းဝုဒ်နှင့်တွဲဖက်ကစားခဲ့ဖူးပြီး နှစ်ဦးကြားကောင်း မွန်သည့် ဆက်ဆံရေးရှိသည့်အတွက် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဂရင်းဝုဒ် အားခေါ်ယူနိုင်ရေးတွင် ပေါ့ဘာအားအဓိက အသုံးချသွားဖွယ်ရှိနေခြင်းဖြစ်သည်။
မိမိ၏ မန်ယူကစားသမားဘဝမှာ ပြီးဆုံးသွားခဲ့ပြီဟု မိတ်ဆွေများကိုဝန်ခံထားသည့် ဂရင်းဝုဒ်အားခေါ်ယူရန်အတွက် ဂျူဗင်တပ်စ်အသင်းအပြင် အခြားစီးရီးအေထိပ်သီးအသင်းကြီးများဖြစ်သည့် အေစီမီလန်နှင့် ရိုးမားတို့မှလည်း စိတ်ဝင်စားနေကြောင်းသိရသည်။