ဂန်းနားဟောင်း ပေါလ်မာဆင် ဟာ ၂၀၂၂-၂၃ ခုနှစ် အတွက် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း ကို ရွေးချယ် ရာမှာ အာဆင်နယ် အသင်းက ကစားသမား ၄ ဦး နဲ့ အများဆုံး ရွေးချယ် ပေးခဲ့ပါတယ် ။ ပေါလ်မာဆင် ရွေးချယ်ခဲ့သူတွေကတော့ ရမ်စ်ဒေးလ် ၊ ဆလီဘာ ၊ အော်ဒီဂတ် နှင့် ဆာကာ တို့ပဲ ဖြစ်ပါတယ် ။
ပေါလ်မာဆင် ဟာ သူ့ရဲ့ အကောင်းဆုံး အသင်းမှာ နယူးကာဆယ် က ထရစ်ပီယာ-ဘော့မန်း ၊ မန်ယူနိုက်တက် က ကက်စီမီရို-လုခ်ရှော-ရက်ရှ်ဖိုဒ့် ၊ မန်စီးတီး က ဒီဘရိုင်းနား နှင့် ဟာလန်းတို့ကိုလည်း ရွေးချယ် ခဲ့ပါတယ် ။ ပေါလ်မာဆင် က ဂိုးသမား နေရာမှာ ရမ်စ်ဒေးလ် ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ” လူတွေက သူ လုပ်ပြခဲ့တဲ့ အံ့ဖွယ် ကာကွယ်မှုတွေ အကြောင်းကို မေ့နေကြပါတယ် ။ ဒီရာသီမှာ သူ့ရဲ့အရေးပါတဲ့ ကာကွယ်မှုတွေကြောင့် အာဆင်နယ် အသင်း သက်သာရာရခဲ့တဲ့ ပွဲတွေ မနည်းပါဘူး ၊ သူ ဒီနှစ် အတော် ကောင်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ် ။ ”
” ရာသီကုန်ခါနီးမှာ သူအမှား တချို့ ရှိခဲ့ပေမယ့် ခြုံပြောရရင်တော့ တနှစ်တာလုံး လက်စွမ်းကောင်း ခဲ့ပါတယ် ။ ဆောက်ဂိတ် အင်္ဂလန် နည်းပြ အဖြစ် ရှိနေသရွှေ့တော့ သူ အင်္ဂလန် အသင်း ရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ရမှာတော့ မဟုတ်ပါဘူး ။ ”
ဆလီဘာ ကို ထည့်ထားတာနဲ့ ပတ်သက်ပြီးလည်း ” သူ အသင်း အတွက် မကစား ပေးနိုင်ချိန် ကစပြီး အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ မျှော်လင့်ချက် က ပြီးဆုံးဖို့ အကြောင်းဖန်လာခဲ့တာပါ ။ သူ မကစားနိုင်တဲ့ အချိန်မှာ အာဆင်နယ် က ဘယ် ၊ အလယ် ၊ ညာ နေရာပေါင်းစုံကနေ ဂိုးတွေ ပေးရပါတယ် ၊ အဲ့မတိုင်ခင် အချိန်မှာ အာဆင်နယ် နောက်တန်းက ကျစ်လစ်မှု ရှိပါတယ် ၊ သူ မပါတဲ့ အချိန် မြင်တွေ့ရတဲ့ အာဆင်နယ် အသင်း ကို ကြည့်ရုံနဲ့တင် သူက အသင်းအတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ခင်ဗျားတို့ သိနိုင်ပါတယ် ၊ ”
” အော်ဒီဂတ် က စကားသိပ်မပြောဘဲ အေးဆေး နေတတ်တဲ့ ခေါင်းဆောင် တစ်ဦးပါ ။ ဒါပေမယ့် သူက သူကိုယ်တိုင် ဦးဆောင် လမ်းပြပြီး အသင်းကို မောင်းနှင်တာပါ ၊ ဒီနှစ် အာဆင်နယ် ရဲ့ အကောင်းဆုံး ကစားသမားဆိုလည်း မှန်ပါတယ် ၊ ကပ္ပတိန် ဖြစ်ပေမယ့် တချို့ ကပ္ပတိန် တွေလို ကွင်းထဲ အော်ဟစ် မနေပါဘူး ၊ သူ့အတွက်လည်း မလိုပါဘူး ၊ သူက ကွင်းထဲမှာ တာဝန်ယူဖို့ အမြဲ အသင့် ရှိနေသူပါ ၊ သူ့ရဲ့ အသင်းဖော်တွေကလည်း သူ့ကို ကောင်းကောင်း တုန့်ပြန်ကြပါတယ် ၊ ကွင်းထဲမှာ လူတွေအားလုံး အချိန်မှန် နေရာမှန် ရောက်နေအောင် သူက ဦးဆောင် ကစားနေတာပါ ။ ”
” ဆာကာ က အသင်းအတွက် အရေးကြီးတဲ့ဂိုးတွေကိုပဲ သွင်းတာပါ ၊ ဂိုးပြတ် နိုင်တဲ့ ပွဲမှာ သုံးဂိုးမြောက် ဂိုး လေးဂိုးမြောက် ဂိုးတွေကို မသွင်းပါဘူး ။ အနိုင်ဂိုး သို့မဟုတ် ပွဲကြပ်တွေမှာ ဦးဆောင်ဂိုး ဖြစ်စေမယ့် ဂိုးတွေကိုပဲ သွင်းပါတယ် ၊ ခင်ဗျားအနေနဲ့ တနှစ်တာ အကောင်းဆုံး အသင်းမှာ သူ့ကို ထည့်ရမှာပါပဲ ။ ”
” သူက အာဆင်နယ် ရဲ့ အကြီးမားဆုံး တိုက်စစ် လက်နက်ပါပဲ ၊ အာဆင်နယ် က ဒီရာသီ တောက်လျှောက် ထိပ်ဆုံးမှာ ရပ်တည် နေခဲ့တာပါ ။ သူ့လို အသက်အရွယ် နဲ့ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေတဲ့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားနေတယ်ဆိုတာက တကယ့်ကို အံ့ဩစရာပါပဲဗျာ ။ ”