အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသင်းတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ချယ်လ်ဆီးအသင်းထံ နောက်ထပ်တစ်ရာသီအငှားချရန် ဆန္ဒရှိနေကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။
အက်သလက်တီကိုအသင်းသည် အသင်းတွင် ခြေစွမ်းပြရန် ရုန်းကန်နေရသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ပြီးခဲ့သည့်ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းထံ ရာသီဝက်အငှားချခဲ့ခြင်းဖြစ်သည်။ ယင်းအငှားစာချုပ်တွင် အပြီးသတ် ခေါ်ယူခွင့်ရှိသည်ဆိုသော အချက်မပါဝင်ကြောင်းလည်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးရန် သေချာသလောက်ရှိနေသော်လည်း ဂျော်အိုဖေးလစ်သည် ချယ်လ်ဆီးအသင်းတွင် ပျော်ရွှင်နေကြောင်း သိရှိရသည်။ အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်အား အပြီးသတ်ရောင်းချရန် ဆန္ဒမရှိသော်လည်း အသင်းနည်းပြ ဆီမြွန်နီအနေဖြင့် လာမည့်ရာသီတွင် ၎င်းကို အသုံးပြုရန် အစီအစဉ်မရှိကြောင်း သိရသည်။
ထို့ကြောင့် အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်အား ချယ်လ်ဆီးအသင်းထံ နောက်ထပ်တစ်ရာသီ အငှားချရန် ဆန္ဒရှိနေပြီး ချယ်လ်ဆီးအသင်းဘက်က ယင်းအစီအစဉ်ကို လက်ခံဖွယ်ရှိနေကြောင်း သိရှိရသည်။ အသက် ၂၃ နှစ်အရွယ် ဂျော်အိုဖေးလစ်သည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ပွဲ ၂၀ တွင် ငါးဂိုးသာ သွင်းယူထားသော်လည်း အသင်းပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီသည် ၎င်းကို နှစ်သက်နေကြောင်း သိရသည်။
ဂျော်အိုဖေးလစ်ကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် လန်ဒန်မြို့တွင် ပျော်ရွှင်နေကြောင်းနှင့် ချယ်လ်ဆီးအသင်းတွင် ကာလရှည်ကစားသွားလိုကြောင်း ဖွင့်ဟပြောကြားထားသည်။