အီတလီ စီးရီးအေ ကလပ်မှ ရိုးမား အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ပေါ်လို ဒိုင်ဘာလား က သူဟာ ဂျူဗင်တပ် အသင်းဖော်ဟောင်း ဖြစ်သူ ရော်နယ်ဒို ကို မုန်းတီိးတယ်လို့ တစ်ကြိမ် ပြောခဲ့ဖူးကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
ရော်နယ်ဒို နဲ့ ဒိုင်ဘာလား တို့ဟာ စီးရီအေ ကလပ် ဂျူဗင်တပ် အသင်းမှာ ကစားခဲ့စဥ်တုန်းက 2018 နဲ့ 2021 အကြား သုံးနှစ်အတူ တွဲဖက်ခဲ့ဖူးကြတာပဲ ဖြစ်ပါတယ် ။ အဆိုပါအချိန်က သူတို့ဟာ စီးရီးအေ 2 ကြိမ်၊ ပြည်တွင်းဖလား 1 ကြိမ် နဲ့ စူပါ ဖလား 1 ကြိမ် ဆွတ်ခူးခဲ့ပါတယ် ။
အဆိုပါ အချိန်တုန်းက သတင်းအချို့ဟာ ရော်နယ်ဒို နဲ့ ဒိုင်ဘာလား တို့ အစေးမကပ်ကြောင်း ဖော်ပြခဲ့ဖူးပါသေးတယ် ။ ဒါပေမဲ့ ဒိုင်ဘာလား ကိုယ်တိုင်ကတော့ သူတို့ နှစ်ဦး အကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်နေခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ် ။
ဒါပေမဲ့ သူဟာ ရော်နယ်ဒို ရဲ့ မဟာ ပြိုင်ဖက် မက်ဆီ ကို အားပေးရင်း ကြီးပြင်းလာသူ ဖြစ်သလို လက်ရွေးစင် အသင််းမှာလည်း တွဲဖက်ကစားရသူ ဖြစ်တာကြောင့် ပေါ်တူဂီသားကို မုန်းတီးကြောင်း တကယ်ပဲသိစေချင်ခဲ့ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။
” ကျွန်တော်ဟာ ခရစ္စတီယာနို နဲ့ ကောင်းမွန်တဲ့ 3 နှစ်တာ အချိန်ကာလကို ဖြတ်သန်းခဲ့ရပါတယ် ။ အသင်းက တောင့်တင်းနေခဲ့ပြီး သူဟာ ပိုမို တောင့်တင်းအောင် ဖြည့်စွက်ပေးနိုင်ခဲ့ပါတယ် ။ အာဂျင်တီးနားမှာတော့ မက်ဆီ ၊ ရော်နယ်ဒို တို့နဲ့ ပတ်သက်လို့ ကြီးမားတဲ့ ပြိုင်ဆိုင်မှု ရှိနေခဲ့ရပါတယ် ”
” တစ်ခါတုန်းက ကျွန်တော်တို့ ပွဲကစားဖို့ သွားနေခဲ့ကြပါတယ် ။ ကျွန်တော်က လေယာဥ်အနောက်ဖက်နားမှာ ထိုင်နေခဲ့ပြီး သူက ကျွန်တော့် အရှေ့ ခပ်လှမ်းလှမ်းလေးမှာပဲ ထိုင်နေခဲ့ပါတယ် ။ ခနကြာတော့ သူဟာ ကျွန်တော့်ရဲ့နားကို ရောက်လာခဲ့ပါတယ် ”
” ပြီးတော့ ကျွန်တော်တို့ ဘဝ အကြောင်းတွေကို ပြောဆိုဖြစ်ခဲ့ကြတာပေါ့ ။ အဲ့တာနဲ့ ကျွန်တော်ကလည်း ” ငါ့ဖက်က လက်တွေ့ကျကျ ပြောရရင်တော့ ငါဟာ ကလေး ဘဝ ကတည်းက မင်းကို မုန်းတီးနေခဲ့ရသူပါ ” လို့ သူ့ကို ပြောဖြစ်ခဲ့မိလိုက်ပါတယ် ”
” အဲ့တာပြောပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ရယ်မောနေခဲ့ကြပါတယ် ။ ကျွန်တော်တို့ နှစ်ဦးကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးပါတယ် ” လို့ ဒိုင်ဘာလား က ရော်နယ်ဒို နဲ့ ပတ်သက်လို့ အခုလို ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။