မန်ချက်စတာယူနိုက်တက်တို့ ဘရိုက်တန်ကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိခဲ့ပြီးနောက် လက်စတာစီးတီးစတား ဂျိမ်းမက်ဒီဆင်က အာရွမ်၀မ်ဘစ်ဆာကာဟာ ကမ္ဘာ့အကောင်းဆုံး one-on-one နောက်ခံလူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အဲရစ်တန်းဟတ်ရဲ့ အသင်းဟာ ဘရိုက်တန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ အက်ဖ်အေဖလား ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာ ဆီဗီလာကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုကို တုန့်ပြန်နိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံး ခြေညီခဲ့ကြပြီး ယူနိုက်တက်ရဲ့ နောက်ခံလူ ၀မ်ဘစ်ဆာကာဟာ ပြိုင်ဘက်ရဲ့ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ် ကစားသမား ဖြစ်တဲ့ မီတိုမာကို အကောင်းဆုံး ထိန်းချုပ်ခဲ့ပါတယ်။ ဂျပန် တောင်ပံကစားသမားဟာ ဒီရာသီ ဘရိုက်တန် အတွက် အကောင်းဆုံး ပုံစံပြသနေခဲ့သူ ဖြစ်ပေမယ့်လည်း ဘစ်ဆာကာဟာ ၀င်ဘာလေမှာ အကောင်းဆုံး တားဆီးသွားခဲ့ပါတယ်။
ဘစ်ဆာကာဟာ တိုက်စစ် ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်ခံနေရသူ ဖြစ်ပေမယ့်လည်း ခံစစ်ပိုင်း စွမ်းဆောင်ရည် ကတော့ မေးခွန်းထုတ်စရာ မရှိပါဘူး။ မက်ဒီဆင်က ဘက်ဆာကာဟာ ကမ္ဘာ့အကောင်းဆုံး one-on-one နောက်ခံလူ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
မက်ဒီဆင်က “အာရွမ်၀မ်ဘက်ဆာကာဟာ 1 vs 1 defending မှာ တအားကို ကောင်းလှတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ လို့တောင် ပြောလို့ ရနိုင်ပါတယ်။ တောင်ပံ တိုက်စစ် ကစားသမား တော်တော်များများဟာ သူနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားရတဲ့ အခါမှာ ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာ လုံး၀ မသိနိုင်တော့သလို ဖြစ်သွားခဲ့ကြပါတယ်။”
မန်ယူနိုက်တက် ဂန္တ၀င် ရီယိုဖာဒီနန် ကလည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်က ၀မ်ဘက်ဆာကာရဲ့ performance ကို ချီးကျူးသွားခဲ့ပါတယ်။
ဖာဒီနန်က “၀မ်ဘက်ဆာကာဟာ ဒီပွဲမှာ အထူးချွန်ဆုံး ကစားခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ မီတိုမာဟာ ဒီရာသီ တအားကို ကောင်းနေခဲ့တာ ဖြစ်ပြီး သူဟာ ရင်ဆိုင်ကစားခဲ့တဲ့ အသင်းတိုင်းကို ပြသနာ ကြီးကြီးမားမား ပေးထားခဲ့သူပါ။ ၀မ်ဘက်ဆာကာ ကတော့ သူ့အပေါ် ဖိအားတွေကို ကောင်းစွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ သူဟာ one v one defending မှာ ဘယ်လောက် ကောင်းသလဲဆိုတာ ကျနော်တို့ အားလုံးသိထားပြီးသားပါ။ သူဟာ ပုံစံကောင်း ရနေတဲ့ ထိပ်တန်း ကစားသမားတွေကို ဘယ်လို ထိန်းချုပ်နိုင်သလဲဆိုတာ ဒီပွဲမှာ သက်သေပြခဲ့ပါတယ်။”